ရှေ့သို့
Image

ချဲလ်ဆီးမှာ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရကြောင်း ဖွင့်ဟလာခဲ့တဲ့ ကိုင်စီဒို

12:57 PM, 14 December

ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒိုက ပိုချက်တီနိုရဲ့အသင်းမှာ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပြီး လီဗာပူးကို ပယ်ချကာ ချဲလ်ဆီးကိုဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဘရိုက်တန်မှ စတန်းဖို့ဒ်ဘရစ်ချ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကိုင်စီဒိုဟာ အခုချိန်မှာတော့ အသင်းသစ်မှာ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။  ဒါကြောင့် ယခုအခါမှာတော့ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်နဲ့အတူ တောက်ပတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ အီကွေဒေါ ကွင်းလယ်လူက ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့အကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

အသက်-၂၂ နှစ်အရွယ်ကစားသမားက “ကျွန်တော်က အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘရိုက်တန်မှာ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် ဒီကိုရောက်လာချိန်မှာတော့ အဲဒီလိုအောင်မြင်မှုတွေ မမြင်ရသေးပါဘူး။ ဘောလုံးက ဒီလိုပါပဲ။ အတက်အကျတွေအမြဲတမ်းရှိပါတယ်။ အခုတော့ ကျွန်တော်က အသင်းနဲ့အတူ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ အချိန်ကောင်းကို စောင့်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ သန်မာမှုရရှိအောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ကို တွန်းတင်ခဲ့တဲ့သူတွေကပဲ ကျွန်တော့်ကို ပြန်ဆွဲချနေတာပါ။ ကျွန်တော် ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ ကျွန်တော့်မိသားစုကလည်း ဒါကိုသိတယ်ဆိုရင် လုံလောက်ပါပြီ”

“ကျွန်တော်က စိတ်ဓာတ်ပိုင်းမှာတော့ အမြဲတမ်းနိုင်ပါတယ်။ ပွဲတွေနိုင်တယ်။ ကွင်းလယ်မှာ ဘောလုံးယှဉ်လုတဲ့အခါနိုင်တယ်။ နေရာတိုင်းမှာ နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ဒီလိုပါပဲ။ ကျွန်တော်ပြချင်တာကို ပြခွင့်မရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိပါတယ်။ ကလပ်နဲ့ လိုက်လျောညီထွေဖြစ်အာင်နေဖို့က ဖိအားများပေမယ့် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိပါတယ်။ ကျွန်တော်က အမြဲတမ်းအနိုင်ရရှိချင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကံမကောင်းစွာနဲ့ပဲ အသင်းနဲ့အတူ ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်နေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော် ဒီကိုရောက်လာခဲ့တာက အသင်းက ကျွန်တော့်ကို တကယ်ချစ်တယ်ဆိုတာ ပြသခဲ့လို့ပါ။ ဒါက ကျွန်တော့်အတွက်အရမ်းကောင်းတဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ချက်ချင်းပဲ ရက်စ် လို့ပြောခဲ့တာပါ။ ပြီးတော့ နည်းပြကလည်း ကျွန်တော်တို့ဘာသာစကားကိုပြောတတ်တော့ ဆက်ဆံရတာလည်း လွယ်ကူပါတယ်။ အဲဒါက တကယ်အဆင်ပြေစေတာပါ။ ဒီအချက်ကလည်း ဒီအသင်းကိုရောက်ဖို့ လွယ်ကူစေခဲ့ပါတယ်။ ကျွန်တော်က ဒီကိုနောက်ဆုံးမှ ရောက်လာတာဆိုတဲ့ ခြေစမ်းပွဲတွေကိုလွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို တန်ဖိုးထားပြီး ကာကွယ်ပေးပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘရိုက်တန်ကွင်းလယ်လူဟောင်းဟာ ချဲလ်ဆီးရဲ့ ပြိုင်ပွဲစုံ ပွဲစဉ် ၁၈ ပွဲမှာ ၁၇ ပွဲအထိ ပါဝင်ထားသော်လည်း ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းယူမှုတော့ တစ်ကြိမ်မှပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးဟာ အဆင့် ၁၂ နေရာမှာရပ်တည်နေပြီး ခက်ခဲတဲ့ ရာသီစတင်မှုနဲ့ကြုံတွေ့ထားရသော်လည်း ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ လက်ရှိ ၁၆ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။  

မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ထားတဲ့ ကိုင်စီဒိုရဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် စနေနေ့မှာတော့ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ် #ကိုင်စီဒို