ရှေ့သို့
Image

ပေါ်တို၊ ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်ပြီး နယူးကာဆယ်ထွက်ခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်များ

10:30 AM, 14 December

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တို၊ ပီအက်စ်ဂျီတို့ လိုအပ်နေတဲ့ ရလဒ်ပိုင်းကို ဖန်တီးကာ ၁၆-သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းခဲ့ပြီး အေစီမီလန်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ နယူးကာဆယ်ကတော့ အခုရာသီဥရောပပြိုင်ပွဲတွေကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

စိန့်ဂျိမ်းပတ်ခ်ကွင်းအတွင်း ယှဉ်ပြိုင်ကစားရတဲ့ပွဲစဉ်မှာ အေစီမီလန်က နယူးကာဆယ်ကို နောက်မှလိုက်ကစားပြီး အနိုင်ယူကာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် တစ်နေရာကို ရယူသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်နေလို့ အိမ်ရှင်နယူးကာဆယ်က ပွဲအစကတည်းကပင် တိုက်စစ်ဖွင့်ကစားလာခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ရှာဖွေနိုင်ခဲ့ပါတယ်။

 အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို မိုင်လေရဲ့ဖန်တီးပေးမှုမှတဆင့် ဂျိုလင်တန်က ပြိုင်ဘက်ဂိုးဧရိယာထိပ်မှ အပြင်းကန်သွင်းကာ ရယူခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန်အတွင်းမှာတော့ ဂျီရော့ဒ်ရဲ့ဖန်တီးပေးမှုကို ပူလီဆစ်က လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းကာ အေစီမီလန်အတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့လို့ ပွဲက အကြိတ်အနယ်ပြန်ဖြစ်လာခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ နှစ်သင်းလုံးက အနိုင်ရလဒ်ဖော်ဆောင်နိုင်ရေးအတွက် ရေကုန်ရေခမ်းအားထုတ် ယှဉ်ပြိုင်လာပြီး ဂူမာယေးစ်ရဲ့ကန်ချက်ကို ဂိုးသမားမိုင်ဂ်နန် ပုတ်ထုတ်ကာကွယ်ခဲ့ရသလို လီယာအိုရဲ့ကန်သွင်းမှုကလည်း ဂိုးတိုင်ခြေနဲ့ ထိမှန်ကာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီနောက်မှာ အေစီမီလန်နည်းပြပီအိုလီရဲ့ မှန်ကန်တဲ့လူစားလဲလှယ်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ပီအိုလီက ချူကွီဇီ၊ အိုကာဖော်တို့ကို လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းကာ တိုက်စစ်မြှင့်တင်ခဲ့ရာမှာ မိနစ်ပိုင်း အကြာမှာပဲ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဒီသွင်းဂိုးကို အိုကာဖော်က ဖန်တီးပေးခဲ့ပြီး ချူကွီဇီက သွင်းယူခဲ့တာပါ။

ဂျာမနီမြေမှာ ကစားရတဲ့ ပွဲစဉ်မှာတော့ ဇိုင်းယီ-အမ်မရီက ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ နှစ်သင်းလုံးက အပြန်အလှန်ဖိအားပေးကစားခဲ့လို့ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အံ့ဖွယ်လွဲချော်မှုတွေကြောင့် ပထမပိုင်း ပွဲချိန်ပြီးဆုံးချိန်အထိ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။

ဒုတိယပိုင်း ပွဲချိန်စတင်ပြီး မကြာခင်မှာပဲ အိမ်ရှင်ဒေ့ါမွန်အတွက် အဒီယီမီက ဖူးလ်ခရက်ချ်ရဲ့ဖန်တီးပေးမှုကို အကောင်းဆုံးအသုံးချကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ရဲ့ဦးဆောင်မှုက မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး ဇိုင်းယီ-အမ်မရီက ဧည့်သည်တွေအတွက် အဖိုးတန်ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ အမ်ဘာပေရဲ့သွင်းဂိုးကို ပြန်လည်ပယ်ဖျက်ခဲ့တာမျိုး ရှိပေမယ့် လူးဝစ်အင်းနရစ်ရဲ့အသင်းကတော့ ခရစ္စမတ်ကာလအပြီးမှာလည်း ချန်ပီယံလိဂ်ပွဲစဉ်တွေ ဆက်လက်ကစားရဖို့ သေချာခဲ့ပါတယ်။ ဒါ့ကြောင့် မရဏအုပ်စုမှာ ဒေါ့မွန်က အုပ်စုဗိုလ်နေရာ ရရှိခဲ့ပြီး ပီအက်စ်ဂျီက အေစီမီလန်နဲ့ ရမှတ်တူ၊ Head to Head အသာရယူကာ အုပ်စုဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းခဲ့ပါတယ်။

ပေါ်တူဂီမြေမှာကစားတဲ့ နောက်ထပ်အဆုံးအဖြတ်ပွဲစဉ်မှာတော့ အိမ်ရှင်ပေါ်တိုက ရှက်တာဒိုးနက်ကို ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပေါ်တိုအတွက် ဂါလီနို(နှစ်ဂိုး)၊ တာရီမီ၊ ပီပီ၊ ကွန်စီကာအိုတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပြီး ရှက်တာဒိုးနက်အတွက် ဆီကမ်၊ အူစတာကွီယို(O.G)၊ အဂ္ဂီနယ်ဒိုတို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
---------------
လိုက်ပ်ဇစ်* ၂-၁ ယန်းဘွိုင်းစ်
ဇီဗက်ဒါ ၂-၃ မန်စီးတီး*
အက်သလက်တီကိုမက်ဒရစ်* ၂-၀ လာဇီယို*
ဆဲလ်တစ် ၂-၁ ဖီယင်နု
ဒေါ့မွန်* ၁-၁ ပီအက်စ်ဂျီ*
နယူးကာဆယ် ၁-၂ အေစီမီလန်
ပေါ်တို* ၅-၃ ရှက်တာဒိုးနက်
အန့်တ်ဝက်ပ် ၃-၂ ဘာစီလိုနာ*
(*ပြထားသောအသင်းများသည် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သောအသင်းများဖြစ်သည်။)

#နယူးကာဆယ် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #ပေါ်တို