ရှေ့သို့
Image

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် နာကျင်ရကြောင်း ပြောကြားလာတဲ့ အက်ဒီဟိုဝီ

10:04 AM, 14 December

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်ဟာ အေစီမီလန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အသင်းနည်းပြ အက်ဒီဟိုဝီက အခုလို ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းမရှိတာက နာကျင်ရကြောင်းနဲ့ သရေ ရလဒ်ရယူကာ ယူရိုပါလိဂ်ဝင်ခွင့်ကို ထိန်းသိမ်းဖို့စိတ်ကူးမရှိခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ နယူးကာဆယ်ဟာ ဂျိုလင်တန်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှာတော့ အေစီမီလန်မှ ပူလီဆစ်နဲ့ ချူကွီဇီတို့ရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ အေစီမီလန်ကတော့ အုပ်စုရဲ့ တတိယနေရာမှာ ရပ်တည်ထားနိုင်တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။

 ပွဲအပြီးမှာတော့ ဟိုဝီက “ချန်ပီယံလိဂ်မှာ အေစီမီလန်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အစစအရာရာ အမှာအယွင်းမရှိအောင် ဂရုစိုက်ရပါမယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးရှိခဲ့တဲ့ ပြိုင်ပွဲ ၂ ခုကနေ ထွက်ခွာခဲ့ရလို့ နာကျင်ရပါတယ်။ ဒါပေမယ့် တစ်စုံတစ်ခုကို လွဲချော်သွားတဲ့အခါမှာ အဲဒီလွဲချော်မှုကို လောင်စာအဖြစ် အသုံးချရပါမယ်။ ဒါက ကျွန်တော့်ရဲ့ နည်းလမ်းပါပဲ။ ဒီနေ့ခံစားနေရတဲ့ နာကျင်မှုက မနက်ဖြန်အတွက်တော့ တွန်းအားပါပဲ လို့ ပြောကြားခဲ့ပါတယ်။  သို့သော် ၁-၀ နဲ့ ဦးဆောင်ထားနိုင်ရာကနေ ၂ ဂိုးအထိပြန်ပေးလိုက်ရတာကိုတော့ ဟိုဝီက စိတ်ပျက်မိတယ်"လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် စိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားပြီး ဦးဆောင်ဂိုးလည်းရရှိခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ခွင့်ပြုခဲ့ရတဲ့ ပထမချေပဂိုးကို အရမ်းစိတ်ပျက်မိပါတယ်။ အဲဒီဂိုးက ဒီရှုံးပွဲရဲ့ သော့ချက်ပါပဲ။ ပွဲရဲ့အဖြေကိုပြောင်းပစ်ဖို့ လာနေပြီဆိုတာ သိပေမယ့် မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါက ထိပ်တန်းပြိုင်ပွဲပါ။ အမှားလုပ်မိရင် အပြစ်ပေးခံရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ ၁-၁ ဆိုတဲ့ သရေရလဒ်ကို ထိန်းသိမ်းပြီး ယူရိုပါလိဂ်ဝင်ခွင့်ရအောင်ယူသင့်လားဆိုတဲ့ မေးခွန်းကို ဟိုဝီက “ကျွန်တော်တို့က ချန်ပီယံလိဂ်မှာပဲ နောက်တစ်ဆင့်ကို တက်ချင်ခဲ့တာပါ။ ပွဲမစခင်မှာရော ပွဲထဲမှာရော ဒီလိုလုပ်ဖို့ပဲ အာရုံစိုက်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီစိတ်ဓာတ်ကို ကစားသမားတွေ ဘယ်လိုဆုံးရှုံးသွားခဲ့လဲဆိုတာ ကျွန်တော်လည်း မသေချာပါဘူး။ ကျွန်တော်တို့ အမှားတွေကနေပဲ ဂိုးတွေခွင့်ပြုခဲ့ရပါတယ်။ ဒီရှုံးပွဲကို ကျွန်တော် တာဝန်ယူသွားမှာ ဖြစ်ပေမယ့် ဒီပွဲကိုနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီး ကြိုးစားခဲ့သင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#နယူးကာဆယ် #အေစီမီလန် #ချန်ပီယံလိဂ် #ဟိုဝီ