ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက် ပြိုင်ပွဲမှ ထွက်ခွာရပြီး ကိုပင်ဟေဂင်၊ နာပိုလီတို့ နောက်တစ်ဆင့် တက်ရောက်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်များ

10:14 AM, 13 December

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီးမန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပေမယ့် ကိုပင်ဟေဂင်၊ နာပိုလီတို့ကတော့ လိုအပ်နေတဲ့နိုင်ပွဲတွေကို ဖော်ဆောင်ကာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

အိပ်မက်ကဇာတ်ရုံကြီးလို့တင်စားကြလေ့ရှိတဲ့ အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်မြူးနစ်ရဲ့ ကျဉ်းမြောင်းတဲ့အနိုင်ရလဒ်နဲ့အတူ အုပ်စုတွင်းအခြားပွဲစဉ်ရလဒ်ပိုင်းတွေက ယူနိုက်တက်ကို ဥရောပပြိုင်ပွဲမှ ထွက်ခွာသွားစေဖို့ လုံလောက်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ မူဆီယာလာနဲ့ လီရွိင်းဆာနေးတို့က ဘိုင်ယန်မြူးနစ်တိုက်စစ်ပိုင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး ယူနိုက်တက်ခံစစ်မှူးမက်ဂွါရီကလည်း ပြိုင်ဘက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို ပြတ်တောက်သွားစေဖို့ အသင်းအတွက် ခြေစွမ်းပြကူညီပေးခဲ့ပါတယ်။

ယူနိုက်တက်အတွက် ကံဆိုးမှုတစ်ခုကတော့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ဒဏ်ရာပြဿနာကြောင့် မက်ဂွါရီကို လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဟွိုက်စ်လန်း၊ ဘရူနိုဖာနန်ဒက်စ်တို့ ဦးဆောင်လာတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကတော့ အသက်ဝိညာဉ်ကင်းမဲ့လှပြီး ပြိုင်ဖက်ကို ဖိအားပေးနိုင်ဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းပွဲချိန်မှာတော့ ယူနိုက်တက်ခံစစ်ဧရိယာအတွင်းမှာ လူကပ်ခံထားရခြင်းမရှိတဲ့ ကိုးမန်းက အိုနာနာနဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့ချိန် သက်သောင့်သက်သာနဲ့ ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ အိမ်ရှင်ပရိသတ်တွေကတော့ မက်ဂွါရီကို အတော်လေးလွမ်းဆွတ်နေပါလိမ့်မယ်။ ဒီနောက်မှာတော့ ဘိုင်ယန်မြူးနစ်က ရရှိထားတဲ့ ဦးဆောင်ဂိုးကိုထိန်းသိမ်းရင်း အိမ်ရှင်တွေကို အနိုင်ယူခဲ့ပါတယ်။

ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့ ပွဲစဉ်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မယ့်အသင်းက ဘိုင်ယန်မြူးနစ်နဲ့အတူ နောက်တစ်ဆင့်တက်လှမ်းနိုင်မယ့်အခွင့်အရေး ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးဆုံးချိန်အထိ နှစ်သင်းလုံးရဲ့ဂိုးပေါက်တည့်ကန်ချက်မရှိခဲ့မှုက အတော်လေးအံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းအတွင်းမှာတော့ လီရာဂါက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပြီး ပွဲရလဒ်ကို ပြတ်ပြတ်သားသား အဖြေထုတ်ပေးလာခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ လီရာဂါ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် ဧည့်သည်ဂါလာတာစာရေးတို့ ပွဲဆီပြန်မလာနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အိမ်ရှင်ကိုပင်ဟေဂင်တို့ နိုင်ပွဲရရှိခဲ့ပြီး ဧည့်သည်ဂါလာတာစာရေးကတော့ ယူရိုပါလိဂ်ပြိုင်ပွဲဆက်လက်ကစားခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်တွေအပြီး ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်၊ ကိုပင်ဟေဂင်က အုပ်စုဒုတိယ၊ ဂါလာတာစာရေးက အုပ်စုတတိယနဲ့ မန်ချက်စတာယူနိုက်တက်ကတော့ အုပ်စုနောက်ဆုံးနေရာတို့မှာ အသီးသီးရပ်တည်ခဲ့ပါတယ်။ နာပိုလီကလည်း အိမ်ကွင်းမှာ ဘရာဂါကို ပထမပိုင်း သွင်းဂိုးတွေဖြင့် ပြတ်ပြတ်သားသားအနိုင်ယူကာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဧည့်သည်ပေါ်တူဂီကလပ်အတွက် ကံဆိုးမှုကတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ နောက်ခံလူဆာတက်ရဲ့ O.G ဂိုး ခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါတယ်။ ဆက်လက်ပြီး ပွဲချိန်နာရီဝက်အကျော်မှာ ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်မှတဆင့် အိုဆီမန်က အိမ်ရှင်တွေအတွက် သွင်းဂိုးထပ်မံရယူခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘရာဂါဟာ ပွဲရလဒ်ပိုင်းကို ပြောင်းလဲပစ်ဖို့ မစွမ်းနိုင်ခဲ့ဘဲ ယူရိုပါလိဂ်ပြိုင်ပွဲ ဆက်လက်ကစားခွင့်ကိုသာ ကျေကျေနပ်နပ်လက်ခံခဲ့ရပါတယ်။

ပွဲပြီးရလဒ်များ
---------------
ပီအက်စ်ဗွီ* ၁-၁ အာဆင်နယ်*
လန်းစ် ၂-၁ ဆီဗီလာ
ကိုပင်ဟေဂင်* ၁-၀ ဂါလာတာစာရေး
မန်ချက်စတာယူနိုက်တက် ဝ-၁ ဘိုင်ယန်မြူးနစ်*
နာပိုလီ* ၂-၀ ဘရာဂါ
ယူနီယံဘာလင် ၂-၃ ရီးရဲလ်မက်ဒရစ်*
အင်တာမီလန်* ဝ-၀ ဆိုစီဒက်*
ဆဲလ်ဘတ် ၁-၃ ဘင်ဖီကာ
(*ပြထားသောအသင်းများသည် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သောအသင်းများဖြစ်သည်။)

#မန်ချက်စတာယူနိုက်တက် #နာပိုလီ #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်