ရှေ့သို့
Image

ကစားသမားဘဝကနေ အနားယူတော့မယ့် အီတလီဂန္ထဝင် ချီရယ်လီနီ

9:38 AM, 13 December

အီတလီဂန္ထဝင် ချီရယ်လီနီတစ်ယောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်သားဟာ အီတလီအသင်းကို ယူရို ၂၀၂၀ ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းနဲ့ အတူလည်း ဆုဖလားတွေရယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ၂ နှစ်ကို လော့စ်အိန်ဂျလိစ်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ ချီရယ်လီနီဟာ စနေနေ့တုန်းက ကိုလံဘက်စ်ခရူးအသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ လော့စ်အိန်ဂျလိစ်အသင်း အတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ချီရယ်လီနီက “၂ သင်းထဲက ၁ သင်းကတော့ ကံမကောင်းစွာနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့တာက လှပတဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ပွဲက ကျွန်တော့်နောက်ဆုံးပွဲဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အီတလီသတင်းထောက် ရိုမီယိုအဂရီစတီကတော့ ချီရယ်လီနီဟာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ချီရယ်လီနီဟာ အင်္ဂလန်အသင်းကို ဝင်ဘာလေမှာ အနိုင်ရခဲ့တုန်းက အီတလီအသင်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အီတလီသားဟာ နိုင်ငံအသင်းအတွက် ၁၁၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၂၂ တုန်းက အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် နိုင်ငံအသင်းကနေ အနားယူခဲ့ပါတယ်။ ကလပ်အသင်းအတွက်တော့ ချီရယ်လီနီဟာ ဂျူဗင်တပ်စ်အတွက် ၂၀၀၄ ကနေ ၂၀၂၂ အထိ ပွဲပေါင်း ၅၆၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၂ ကနေ ၂၀၂၀ ကြား စီးရီးအေချန်ပီယံဆု ၉ ကြိမ်ဆက်ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ် ၂ ကြိမ်ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ၂၀၁၅ မှာ ဘာစီလိုနာကို ၂-၁ နဲ့ အရေးနိမ့်ခဲ့သလို ၂၀၁၇ မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပါတယ်။ အီတလီသားဟာ ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေ ချန်ပီယံဆုအပြင် အီတလီဖလား ၅ လုံး နဲ့ အီတလီစူပါဖလား ၅ လုံးလည်း ရယူနိုင်ခဲ့ပါတယ်။

ချီရယ်လီနီဟာ ချန်ပီယံလိဂ်တစ်ရာသီအကောင်းဆုံးလူစာရင်းမှာ ၂ ကြိမ်တိုင်ပါဝင်ခဲ့သလို စီးရီးအေရဲ့တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ၅ ကြိမ်တိုင်ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေတစ်နှစ်တာ အကောင်းဆုံး နောက်ခံအဖြစ်လည်း ၃ ကြိမ်တိုင် သတ်မှတ်ခံခဲ့ရပါတယ်။ သတင်းတွေအရ ချီရယ်လီနီဟာ အနားယူပြီးရင် ဂျူဗင်တပ်စ်အသင်းထံ နည်းပြအဖွဲ့ဝင် ဒါမှမဟုတ် တာဝန်ရှိသူတစ်ဦးဦးအဖြစ် ပြန်လာဖွယ်ရှိနေပါတယ်။

“ကျွန်တော့်အနာဂတ်ကို ဂျူဗင်တပ်စ်မှာပဲ ကုန်ဆုံးချင်ပါတယ်။ ဘယ်နေရာလဲဆိုတာ မသိသေးပေမယ့် အဲ့နေရာက ကျွန်တော့်ဘ၀ တစ်ဝက်လောက်အချိန်ကုန်ဆုံးခဲ့တဲ့ နေရာပါ”လို့ ချီရယ်လီနီက ပြောကြားခဲ့ပါတယ်။

#အီတလီ #ချီရယ်လီနီ