ရှေ့သို့
Image

အိုင်ဗန်တိုနေးနဲ့ အိုဆီမင်တို့ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာကြောင့် ဂယ်လာဟာကို ရောင်းချရဖွယ်ရှိနေတဲ့ ချဲလ်ဆီး

4:35 PM, 12 December

ချဲလ်ဆီးအသင်းဟာ လာမယ့်လ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးနဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသော်လည်း ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်စည်းမျဉ်းတွေကို လိုက်နာဖို့လိုနေတာကြောင့် အသင်းရဲ့ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကိုရောင်းချပြီး ဘဏ္ဍာငွေရှာဖွေသွားရဖို့ ရှိနေပါတယ်။

ဂယ်လာဟာနဲ့ ချဲလ်ဆီးတို့ရဲ့စာချုပ်သက်တမ်းဟာ ၁၈ လအထိကျန်ရှိနေသေးသော်လည်း ကစားသမားအနေနဲ့ လာမယ့်ရက်သတ္တပတ်တွေအတွင်း အသင်းရဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်ပါက အသင်းကနေ ထွက်ခွာရဖို့အလားအလာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင်ချဲလ်ဆီးအသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးဘဲ စေ့စပ်ညှိနှိုင်းတဲ့အဆင့်မှာပဲရှိနေတာ ဖြစ်ပါတယ်။

လက်ရှိချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားမြှင်တင်ဖို့ လိုအပ်နေတာကြောင့် အသုံးစရိတ်စည်းမျဉ်းတွေကို လိုက်နာပြီး ကွင်းလယ်ကစားသမားကို ရောင်းချဖို့ ပြင်ဆင်လာနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဗာတန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုက တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စိတ်အားထက်သန်လာခဲ့ပြီး အိုင်ဗန်တိုနေးနဲ့ ဗစ်တာအိုဆီမင်တို့ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအရွေ့အသုံးစရိတ် ပေါင်သန်း ၄၀၀ အထိသုံးစွဲခဲ့တဲ့ချဲလ်ဆီးဟာ နောက်ဆုံး အပြောင်းအရွှေ့ကာလ ၃ ခုအတွင်း ပေါင် ၁ ဘီလီယံကျော်သုံးစွဲထားတာကြောင့် ယခုအခါမှာ ကစားသမားသစ်မခေါ်ယူခင် အသင်းကနေ ကစားသမားရောင်းချဖို့လိုအပ်နေတာဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာတုန်းက တော့တင်ဟမ်သို့ ရောက်ရှိဖို့နီးစပ်ခဲ့တဲ့ ဂယ်လာဟာ ဟာ ပိုချက်တီနိုရဲ့လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ယခုရာသီမှာ ကစားထားတဲ့ ၂၂ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်လည်း အကြိမ်ကြိမ်ပါဝင်ခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့အကယ်ဒမီထွက်ကစားသမား ဂယ်လာဟာကို ရောင်းချနိုင်မယ်ဆိုပါက ပိုချက်တီနိုအနေနဲ့ အသုံးစရိတ်ကြီးကြီးမားမားရရှိလာမှာ ဖြစ်ပါတယ်။ မကြာသေးမီကလည်း ချဲလ်ဆီးဟာ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ မေဆင်မောင့်၊ အေဘရာဟမ်၊ အိုဒွိုင်း၊ တိုမိုရီ၊ ဂူဟီ၊ လီဗရာမန်တိုနဲ့ ရူဗင်လော့ဖ်တပ်စ်တို့ကို ရောင်းချပြီး ပေါင်သန်း ၂၀၀ အထိရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီက နယူးကာဆယ်သို့ အငှားနဲ့သွားရောက်နေတဲ့ လူးဝစ်ဟောကိုလည်း အပြီးသတ်ရောင်းချဖို့ အလားအလာများနေပါတယ်။

တစ်ဖက်မှာတော့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့တဲ့ ပရိသတ်အချစ်တော်ကစားသမား မေဆင်မောင့်ရဲ့နေရာမှာ ဂယ်လာဟာနဲ့ အစားထိုးဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ မောင့်ဟာ ချဲလ်ဆီးက ကမ်းလှမ်းလာခဲ့တဲ့ ၈ နှစ်ကြာ စာချုပ်သက်တမ်းကို သဘောတူညီဖို့ဝန်လေးနေခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းနဲ့တော့တင်ဟမ်တို့က ဂယ်လာဟာကို ခေါ်ယူဖို့ကမ်းလှမ်းခဲ့ကြသော်လည်း ချဲလ်ဆီးက ကစားသမားအတွက် ပေါင် ၄၅ သန်းအထိ သတ်မှတ်ခဲ့တာကြောင့် လက်လျှော့ခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကောင်းကြောင့် ချဲလ်ဆီးအနေနဲ့ အဆိုပါဈေးနှုန်းကို လျှော့ချမှာမဟုတ်တော့ဘဲ တိုးတောင်းဖို့ပါ ဆုံးဖြတ်လာဖွယ် ရှိနေပါတယ်။ သို့သော်လည်း ပိုချက်တီနိုအနေနဲ့ ၈ နှစ်သားကတည်းက စတန်းဖို့ဒ်ဘရစ်ချ်ကိုရောက်ရှိလာခဲ့တဲ့ ကစားသမားကို ရောင်းချမယ်ဆိုပါက ချဲလ်ဆီးပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကိုလည်း ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအနေနဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ထိန်းညှိဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့လိုနေပြီး လက်ရှိမှာတော့ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေစုပုံနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ဒဏ်ရာပြဿနာကြောင့် ခုချိန်ထိပွဲထွက်မကစားရသေးတဲ့ ရိုမီရိုလာဗီယာအပြင် ပွဲထွက်ခွင့်နည်းပါးနေတဲ့ ချူကူမီကာတို့လို ကစားသမားတွေလည်း ကျန်ရှိနေပါသေးတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဂယ်လာဟာ #အိုဆီမင် #အိုင်ဗန်တိုနေး