ရှေ့သို့
Image

စာချုပ်သက်တမ်းကုန်ရင် မာရှယ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ့် ယူနိုက်တက်

3:52 PM, 12 December

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ၂၀၂၄ ခုနှစ်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် တိုက်စစ်မှူး အန်တိုနီမာရှယ်ကို စာချူပ်သက်တမ်းကုန်ဆုံးချိန်မှာပဲ ထုတ်ပယ်ဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ ကစားသမားဟာ ကနဦးသဘောတူညီချက်အရ အပိုတစ်နှစ် ထပ်တိုးခွင့်ရှိသော်လည်း ယခုအခါမှာတော့ အဆိုပါ ရွေးချယ်ခွင့်ကို အသုံးပြုနိုင်ဖွယ်မရှိကြောင်း သတင်းတွေက ဆိုပါတယ်။

၂၀၁၉ ခုနှစ်အစောပိုင်းက ချုပ်ဆိုခဲ့တဲ့ မာရှယ်ရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာကုန်ဆုံးမှာဖြစ်ပြီး သဘောတူညီချက်မှာတော့ အပိုတစ်နှစ်ရွေးချယ်ခွင့်အဖြစ် ၂၀၂၅ ခုနှစ်အထိသက်တမ်းတိုးခွင့်ပါဝင်နေတာဖြစ်ပါတယ်။ သို့သော် ယခုအခါမှာတော့ ယူနိုက်တက်ဘက်က ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိသလို ကစားသမားဘက်ကလည်း အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ မိုနာကိုမှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၃၆ သန်း+အပိုဆုကြေး နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ၂၀၂၀ ခုနှစ်ကတည်းက ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးဟာ ယခုရာသီမှာ ကစားထားတဲ့ ပွဲစဉ် ၁၉ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာကြောင့် ယူနိုက်တက်က စွန့်လွှတ်ဖို့ဆုံးဖြတ်လိုက်ပုံပေါ်ပါတယ်။

ကစားသမားဟာ ၂၀၁၉-၂၀ ရာသီတုန်းက ပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် ၂၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သော်လည်း ပုံစံကောင်းနဲ့ ဂိုးသွင်းနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ တစ်နှစ်ပြီးတစ်နှစ် ခြေစွမ်းကျလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ ဆီဗီလာသို့ အငှားချခံခဲ့ရသော်လည်း ခြေစွမ်းကတော့ တိုးတက်ကောင်းမွန်လာခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဗစ်တာလင်ဒီလော့ဖ်တို့ဟာလည်း လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

သို့သော် ယူနိုက်တက်ဟာ အဆိုပါကစားသမား ၂ ယောက်အတွက်တော့ အခုချိန်အထိ ဆုံးဖြတ်ချက်မချရသေးပါဘူး။ နောက်ခံလူတွေဟာ မာရှယ်လိုပဲ နောက်ထပ်အပိုတစ်နှစ် ရွေးချယ်ခွင့် ရှိနေကြပြီး လက်ရှိအခြေအနေတွေအရတော့ ယူနိုက်တက်မှာ ဆက်ရှိပြီး သက်တမ်းတိုးနိုင်ဖို့ အလားအလာများနေပါတယ်။

ကွင်းလယ်လူ ဟန်နီဘယ်ကတော့ လာမယ့်နှစ် စာချုပ်သက်တမ်းတိုးမယ့် စာရင်းထဲမှာရှိနေသော်လည်း အပို ၁ နှစ် ရွေးချယ်ခွင့်ကိုသာ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ သို့သော် ယူနိုက်တက်ကတော့ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ပြင်ဆင်နေပြီး ဆွေးနွေးမှုတွေပြုလုပ်ကာ ၂၀၂၅ ခုနှစ် အကျော်အထိ ကာလရှည် စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်နေပါတယ်။

လာမယ့် ဇန်နဝါရီမှာ အသက်-၂၁ ပြည့်မယ့် ဟန်နီဘယ်ဟာ ယခုနှစ်ရာသီမှာ ယူနိုက်တက်စီနီယာအသင်း အတွက် ၇ ပွဲအထိ ပါဝင်ကစားထားပြီး မန်နေဂျာအဲရစ်တန်ဟက်ရဲ့ လက်ထက်မှာ ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘရိုက်တန်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ကွင်းလယ်လူဟာ လှပတဲ့အဝေးကန်ချက်နဲ့အတူ ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပြီး သရဲနီစိတ်ဓာတ်ကိုပြသကာ ယူနိုက်တက်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာခဲ့ပါတယ်။

ဟန်နီဘယ်ဟာ အာဖရိကနိုင်များဖလားပြိုင်ပွဲအတွက် တူနီရှားအသင်းရဲ့ လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ခရစ္စမတ်အပြီး ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို ရက်သတ္တပတ်အနည်းငယ်ကြာ လွဲချော်သွားဖွယ်ရှိနေပါတယ်။ ကွင်းလယ်ကစားသမားဟာ တူနီးရှားလက်ရွေးစင်အသင်း အတွက် ၂၇ ပွဲအထိ ကစားထားပြီး ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ပရီးမီးယားလိဂ်