ရှေ့သို့
Image

လီဗာပူးမှာ ယာဂန်ကလော့ပ်နဲ့ အငြင်းအခုံဖြစ်ခဲ့မှုတစ်ခုအကြောင်း ဖွင့်ဟပြောဆိုလာတဲ့ ဂျိမ်းစ်မီလ်နာ

2:29 PM, 12 December

လီဗာပူးကစားသမားဘဝမှာ လက်ထောက်ကပ္ပတိန် တာဝန်ယူခဲ့ရပေမယ့် နည်းပြယာဂန်ကလော့ပ်ရဲ့ အမျက်ရှမှုကိုလည်း ခံစားခဲ့ရဖူးတယ်လို့ ဂျိမ်းစ်မီနာက ဖွင့်ဟပြောဆိုလာပါတယ်။

လက်ရှိ ဘရိုက်တန်မှာကစားနေတဲ့ လီဗာပူးဝါရင့်ကွင်းလယ်လူဟောင်းက မန်စီးတီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ လိဒ်နဲ့ အင်္ဂလန်လက်ရွေးစင် အသင်းတို့အတွက်လည်း ပါဝင်ကစားပေးခဲ့ဖူးပြီး ၂၁ နှစ်ကြာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

မီလ်နာက သူ့ရဲ့ကစားသမားဘဝအချိန်အတော်များများကို အန်ဖီးလ်မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ သူက ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မစတင်မီ လပိုင်းအလို၊ ၂၀၁၅ ခုနှစ်မှာ မာဆေးဆိုဒ်ကလပ်ဆီ ရောက်ရှိလာခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ပြုပြင်ပြောင်းရေးလုပ်ငန်းစဉ်တွေမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ဒီကွင်းလယ်လူက လီဗာပူးကစားသမားဘ၀ အစောပိုင်းကာလတွေမှာ ဘယ်အစွန်နောက်ခံလူအဖြစ် ပါဝင်ကစားပေးပြီး သူ့ရဲ့စွယ်စုံရစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မီလ်နာက အသင်းနဲ့အတူ အဓိက ဆုဖလားခုနစ်လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးဆီ ရောက်ရှိလာတဲ့ မီလ်နာက အခုနွေရာသီ၊ အန်ဖီးလ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကလော့ပ်ရဲ့ဆုမွန်ကောင်းတွေနဲ့အတူ ဘရိုက်တန်ဆီ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နာမည်ကျော် နည်းပြ တစ်ဦးနဲ့ သူ့ရဲ့အကြား ဆက်ဆံရေးအကြောင်း ဖွင့်ဟပြောဆိုချိန်မှာ အနီရောင်တပ်သားတွေရဲ့ လက်ထောက်ကပ္ပတိန်ဟောင်းက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုအကြောင်း ဖွင့်ဟပြောပြလာပါတယ်။

High Performance podcast အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ မီလ်နာက “အချိန်ကာလအများစုမှာတော့ ယာဂန်ကလော့ပ်က အတော်လေးကောင်းမွန်သူ ဖြစ်ပါတယ်။ သူက ပွင့်ပွင့်လင်းလင်းတဲ့တိုးသမားပါ။ ပထမပိုင်း ပွဲချိန် အပြီးလောက်မှာလားတော့ မသိဘူး။ ကလော့ပ်က သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှပေးနေချိန် ကျွန်တော်ကလည်း ကျွန်တော့်ရဲ့အမြင်တွေကို ဝေမျှပေးတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက စားပွဲကို အားနဲ့မာန်နဲ့ထုပြီး မင်းအပေါက် မပိတ်သေးဘူးလားလို့ ငေါက်ငမ်းအော်ဟစ်လိုက်တဲ့ ကလော့ပ်ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ဒါပေမယ့် ကလော့ပ်က ထက်မြက်ပါတယ်။ ကျွန်တော်နဲ့ သူ့အကြားမှာ ကွင်းတွင်းကွင်းပြင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ်။ သူက ကျွန်တော်တို့ရဲ့ ပရဟိတအသင်းဖြစ်တဲ့ the James Milner Foundation ကိုလည်း အများကြီးပံ့ပိုးပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

ဘယ်လိုအရာတွေက ကလော့ပ်ကို ထူးခြားစေသလဲဆိုတဲ့ အချက်အပေါ် သူ့ရဲ့အမြင်ကို ဆက်ပြောချိန်မှာ မီလ်နာက “အံ့ဖွယ်နည်းပြတစ်ဦးဖြစ်ပေမယ့် အချိန်တိုင်းမှာ ကျွန်တော်တို့အပေါ် ပွင့်ပွင့်လင်းလင်းပြောဆိုတယ်လု့ိပဲ ကျွန်တော် အမြဲတမ်းခံစားရပါတယ်။ ကျွန်တော်တို့ရဲ့အမြင်တွေကို သူမကြိုက်ဘူးဆိုရင်တောင် ပွင့်ပွင့်လင်းလင်းပြန်ပြောတက်ပြီး သူ့ရဲ့အမြင်ကိုလည်း တဲ့တိုးပဲ ပြောတက်ပါတယ်။ ကလော့ပ်က အဲ့ဒီလို တဲ့တိုးမပြောဘူးဆိုရင်တောင် အမူအရာနဲ့ လုပ်ပြတက်တယ်။ သူက အခြေအနေပေါင်းစုံကို ကိုင်တွယ်တက်သူတစ်ဦးလို့ ထင်ပါတယ်။
သူက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်ပါတယ်။ ဒါပေမယ့် အကူအညီဖြစ်စေမယ့် အရာကို ကောင်းကောင်းပြောပြလာမယ်ဆိုရင်လည်း ကလော့ပ်က လက်ခံနားထောင်ပေးပါတယ်။ ကျွန်တော် လီဗာပူးမှာရှိချိန် ကလော့ပ်က ကျွန်တော်တို့ စကားကိုနားထောင်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်”လို့ ဆက်ပြောပါတယ်။

#လီဗာပူး #ကလော့ပ် #မီလ်နာ #ပရီးမီးယားလိဂ်