ရှေ့သို့
Image

ချဲလ်ဆီး ကွင်းလယ်လူ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို ခနဲ့လိုက်တဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်

10:17 AM, 12 December

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့အတွင်း အန်ဖီးလ်မြေဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို လီဗာပူးနည်းပြယာဂန်ကလော့ပ်က ခနဲ့တဲ့တဲ့ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်း လီဗာပူးက ကိုင်စီဒိုကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ ပေါင် ၁၁၁ သန်းတန် သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ပေမယ့် ကစားသမားကတော့ မာဆေးဆိုဒ်ကလပ်ကို ပယ်ချကာ ချဲလ်ဆီးဆီ ပေါင် ၁၁၅ သန်းဖြင့် ပြောင်းရွှေ့ရေး ရွေးချယ်သွားခဲ့ပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ ချဲလ်ဆီးက ဆောက်သမ်တန်မှ လာဗီယာကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အနိုင်ရသွားပြီးနောက် ကလော့ပ်ရဲ့အသင်းဟာ နောက်ထပ်စိတ်ပျက်စရာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အသက်-၁၉ နှစ်အရွယ် ကစားသမား အတွက် လီဗာပူးက အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ချဲလ်ဆီးနဲပဲ ပေါင် ၅၈ သန်းတန် အပြောင်းအရွှေ့သဘောတူညီမှု ရရှိခဲ့တာပါ။

ယမန်နေ့(တနင်္လာနေ့)ညနေခင်း၊ အန်ဖီးလ်ကွင်းအတွင်း အသင်းပရိသတ်တွေရှေ့မှောက် အမေးအဖြေကဏ္ဍမှာ အန်ဒိုကို ခေါ်ယူမယ့် ဆုံးဖြတ်ချက်အကြောင်းဆွေးနွေးချိန် အခြားကွင်းလယ်ခံစစ်ကစားသမားတွေက လီဗာပူးဆီ မပြောင်းချင်ခဲ့ဘူးလို့ ပြောဆိုကာ ကလော့ပ်က ပရိသတ်တွေဆီ ဟာသပျက်လုံးတစ်ခု မျှဝေခဲ့ပါတယ်။

ကလော့ပ်က “ပြီးခဲ့တဲ့နွေရာသီကာလ အပြောင်းအရွှေ့ဈေးကွက်မှာ ကျွန်တော်တို့အတွက် အနေကျပ်စရာ ကိစ္စလေးတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန် ကျွန်တော်တို့အကြားမှာ ကျွန်တော်ကိုယ်တိုင် ပြောနိုင်တာတစ်ခုကတော့ ဘုရားသခင်၊ ငါတို့ ကံကောင်းခဲ့ပါလားဆိုတာပဲ ဖြစ်ပါတယ်။ အရိုးသားဆုံးပြောရရင် အဲ့ဒီအချိန်တုန်းက အခုလိုမျိုး အလုပ်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မသိထားခဲ့သလို ယုံကြည်မှုလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုလိုမျိုး အလုပ်ဖြစ်နေတာအတွက် ကျွန်တော် အမှန်တကယ်ပျော်ရွှင်မိပါတယ်။ ဒီလိုအလုပ်ဖြစ်လာလိမ့်မယ်ဆိုတာလည်း ခင်ဗျားတို့တွေ မသိခဲ့ကြပါဘူး။ ရာသီကြိုကာလမစတင်ခင် ကျွန်တော့်မှာ အရမ်းကောင်းတဲ့ ခံစားချက်တစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ မက်အယ်လစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့ ရှိလာခဲ့ပြီး ဂရာဗန်ဘတ်ချ်အတွက်လည်း အခွင့်အရေးတစ်ခုရှိတယ်ဆိုတာ သိထားခဲ့ပါတယ်။ ဒီနောက်မှာတော့ အခြားသောကွင်းလယ်ခံစစ်ကစားသမားတွေဟာ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးဆိုတာ သိသာထင်ရှားလာပါတယ်။ အမှန်ပါပဲ၊ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့ကြမှာပါ။ ဒီနောက်မှာတော့ ကျွန်တော်တို့ အန်ဒိုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူက ထူးခြားတဲ့ ကစားသမားပါ”

အသက်-၃၀ အရွယ်ရှိပြီဖြစ်တဲ့ “အန်ဒိုက အတွေ့အကြုံကြွယ်ဝပြီး ဂျပန်လက်ရွေးစင်အသင်း ကပ္ပတိန်လည်း ဖြစ်ပါတယ်။ အမှန်ပါပဲ၊ သူက ဦးစားပေးရွေးချယ်မှုတော့ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ကတော့ ဒီလိုပါပဲ၊ လိုချင်တိုင်းလည်း မရနိုင်ပါဘူး။ ဂျာမနီမှာ ကစားရင်း တန်းဆင်းရလုနီးပါးဖြစ်နေတဲ့ အသက်-၃၀ နှစ်အရွယ်ကစားသမားအတွက် ကျွန်တော်တို့ကလည်း ဘယ်ကြိုးစားချင်ပါ့မလဲ။ ဒါပေမယ့် သူ့ရဲ့ အချက်အလက်တွေကို အသေးစိတ်နှစ်ကြိမ်လောက် ပြန်ကြည့်ခဲ့ပြီး ဒီကစားသမားကို ကျွန်တော်တို့ အရခေါ်ယူနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အသင်းဆီပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေလို့ ဒါတွေအားလုံးက အကူအညီဖြစ်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ ခေါင်းဆောင်မှု အခန်းကဏ္ဍသစ်တစ်ခုနဲ့အတူ ကျွန်တော်တို့မှာ အသင်းတစ်ခုရှိနေပါပြီ။ အတွေ့အကြုံရင့်ကစားသမားတွေနဲ့အတူ လူငယ်ကစားသမားတွေကိုလည်း ပေါင်းစပ်ထားပြီး အသင်းအတွက် ဘာမဆိုပေးဆပ်ဖို့အသင့်ရှိနေတဲ့ လူစာရင်းတစ်ခု တည်ဆောက်ထားပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်။ အခုအချိန်မှာ ထူးရှယ်အရာတချို့ ရရှိလာနိုင်ရေး ကျွန်တော်တို့ ကြိုးစားရပါမယ်”လို့ ပြောပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ပရီးမီးယားလိဂ် #ကိုင်စီဒို #လာဗီယာ