ရှေ့သို့
Image

နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ လုပ်အားနှုန်းကို ချီးကျူးပြောဆိုလိုက်တဲ့ ပိုစတီကိုဂလူ

3:45 PM, 11 December

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်က နယူးကာဆယ်ကို ၄-၁ နဲ့အနိုင်ရရှိခဲ့ပြီး ၅ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အသင်းနည်းပြ ပိုစတီကိုဂလူက တော့တင်ဟမ်အတွက် ၂ ဂိုးအထိသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရစ်ချာလီဆန်ရဲ့ လုပ်အားနှုန်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့ ရစ်ချာလီဆန်ဟာ ယခုပွဲစဉ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့အတူ တော့တင်ဟမ်ရဲ့ တိုက်စစ်ကို  အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင် ကစားသမားဟာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် ကာလအတန်ကြာ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြန်လည်ရရှိလာတဲ့ ရစ်ချာလီဆန် အနေနဲ့ ယခုအခါမှာတော့ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပါ ရရှိလာတော့မှာဖြစ်ပါတယ်။

ပိုစတီကိုဂလူက “သူ ဒီနေ့မှာ ၂ ဂိုးအထိသွင်းနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ သူ့ရဲ့ဂိုးတွေသာမက လုပ်အားနှုန်းနဲ့ ကြံ့ခိုင်မှုအပိုင်းကလည်း အတော်လေးတိုးတက်လာခဲ့ပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

ယခုပွဲစဉ်မှာ တော့တင်ဟမ်အတွက် ပင်နယ်တီမှတစ်ဆင့် ၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ထိ ပြုလုပ်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်ကိုလည်း ပိုစတီကိုဂလူက ချီးကျူးစကားဆိုခဲ့ပါတယ်။ ၎င်းက “ဆွန်နီက ပွဲအစကတည်းက အကောင်းဆုံး ပုံစံရှိနေခဲ့ပါတယ်။ ဘောလုံးရတဲ့အချိန်တိုင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပြုလုပ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ကစားသမားတွေ လိုအပ်နေတဲ့ အကောင်းဆုံး ဦးဆောင်မှုပါပဲ။ တိုက်စစ်ပိုင်းမှာ ကျွန်တော်တို့ ခြိမ်းခြောက်မှုတွေအများကြီးပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အူဒိုဂီကလည်း တော့တင်ဟမ်အတွက်သွင်းဂိုး တစ်ဂိုး ရယူပေးနိုင်ခဲ့ပြီး နယူးကာဆယ်အတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကိုတော့ ပွဲပြီးကာနီးမှာ ဂျိုလင်တန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

#တော့တင်ဟမ် #နယူးကာဆယ် #ရစ်ချာလီဆန် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ