ရှေ့သို့
Image

တော့တင်ဟမ်စတားတစ်ဦးဟာ လေးစားမှုကင်းမဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ဝီလ်ဆင်

12:20 PM, 11 December

တနင်္ဂနွေနေ့က ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ် တိုက်စစ်မှူး ဝီလ်ဆင်က တော့တင်ဟမ်ဂိုးသမား ဗီကာရီယိုဟာ လေးစားမှုကင်းမဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

တော့တင်ဟမ်ကွင်းမှာတော့ နယူးကာဆယ်ဟာ အူဒိုဂီ ၊ ရစ်ချာလီဆင်၊ ဆွန်ဟောင်မင်တို့ရဲ့ဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဝီလ်ဆင်က ပွဲသိမ်းခရာမှုတ်ချိန်မှာ ဗီကာရီယိုရဲ့လုပ်ဆောင်ချက်ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားက အင်တာဗျူးမှာ “အနိုင်ရဖို့လမ်းမြင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဗာတန်နဲ့ပွဲတုန်းကလည်း အဲ့တာကိုမြင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာလည်း ဗီကာရီယိုက ကျွန်တော်ခေါင်းတိုက်တာကို ဖမ်းမိအပြီးမှာ လှောင်ပြောင်ခဲ့ပါတယ်။ အဲ့တာက လေးစားမှုကင်းမဲ့နေတာပါ”လို့ ဝီလ်ဆင်က ပြောကြားခဲ့ပါတယ်။

ဝီလ်ဆင်ဟာ ကြာသပတေးနေ့တုန်းက အဲဗာတန်ကို ၃ ဂိုးပြတ်အရေးနိမ့်တုန်းကလည်း ပစ်ဖို့ဒ်ရဲ့လုပ်ရပ်ကို ပြောကြားခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် တော့တင်ဟမ်ဟာ ၅ ပွဲဆက်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်ကတော့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့တော့ ၇ မှတ်ကွာဟနေကာ ဟိုဝီရဲ့အသင်းဟာ အခုလာမယ့်ကြားရက်မှာ အေစီမီလန်နဲ့ကန်ရမှာဖြစ်ပါတယ်။

“ကစားသမားတော်တော်များများက နောက်ဆုံး ၆ ပွဲလောက်အထိ ကန်ထားရပါတယ်။ အဲ့တာက တော်တော်ဆိုးပါတယ်။ ကျွန်တော်တို့ ထိပ်တန်းအသင်းတွေနဲ့ကန်ခဲ့ရတာပါ။ ကံမကောင်းစွာနဲ့ပဲ လာအားပေးတဲ့ပရိသတ်တွေအတွက် ၃ မှတ်မယူပေးနိုင်ခဲ့ပါဘူး။ တစ်ချို့အချိန်တွေမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ပေမယ့် အနိုင်မရတဲ့ပွဲတွေရှိတတ်ပါတယ်။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အမြင်အရ ဘာဆင်ခြေမှပေးဖို့မလိုပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အားလုံးခြေစွမ်းမကောင်းခဲ့ပါဘူး။ လာမယ့်ကြားရက်မှာတော့ ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တော့တင်ဟမ်က အသင်းကောင်းဖြစ်သလို သူတို့က ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြန်လည်ချေဖျက်ဖို့ မလုပ်နိုင်ခဲ့သလို သူတို့ကပဲ ဒုတိယဂိုး နဲ့ တတိယဂိုးတွေဆက်လက်ရရှိခဲ့ပါတယ်”လို့ ဝီလ်ဆင်က ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #နယူးကာဆယ် #ဝီလ်ဆင် #ပရီးမီးယားလိဂ်