ရှေ့သို့
Image

မာတစ်၊ မက်အယ်လစ္စတာတို့ရဲ့ဒဏ်ရာအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ယာဂန်ကလော့ပ်

2:19 PM, 7 December

လီဗာပူးဝါရင့်နောက်ခံလူမာတစ်ဟာ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာ ခံစားနေရပြီး ကာလရှည်အနားယူရဖွယ်ရှိတယ်လို့ နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဖူလ်ဟမ်ကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပွဲစဉ်မှာ မာတစ်က အခုဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မာတစ်ရဲ့အခြေအနေက အရမ်းကြီးပြင်းထန်တယ်လို့ မထင်ခဲ့ရပေမယ့် ကလော့ပ်ကတော့ ဆိုးရွားတဲ့ဒဏ်ရာ ရရှိမှုမျိုး ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုအပြည့် ရှိနေခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း၊ ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာတော့ ယာဂန်ကလော့ပ်က သူမျှော်လင့်ထားသလိုပဲ သတင်းဆိုးတွေကို သယ်ယူလာရင်း မာတစ်ရဲ့ဒဏ်ရာအကြောင်း ပြောပြလာပါတယ်။

လီဗာပူးနည်းပြက “ မာတစ်ဟာ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာရရှိခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ဒီဒဏ်ရာက ကျွန်တော် ဦးဆုံးမျှော်လင့်ထားသလို ဒဏ်ရာအခြေအနေမျိုး ဖြစ်နေပါတယ်။ အရာအားလုံးက ဒီအတိုင်းဖြစ်သွားတယ်ဆိုပေမယ့် အတော်လေး ကံဆိုးလွန်းပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လီဗာပူးအတွက် နောက်ထပ်စိတ်ပျက်စရာအဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ကွင်းလယ်ကစားသမား မက်အယ်လစ္စတာဟာ ဒုတိယပိုင်းပွဲချိန်အတွင်း ဒဏ်ရာပြဿနာတစ်ခုကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။ ကွင်းလယ်လူဟာ ပထမပိုင်းစတင်ပြီးမကြာခင်မှာပဲ ပြိုင်ဘက်ရဲ့ဆိုးရွားတဲ့ ဘောလုံးဖျက်ထုတ်မှု တစ်ခုကြောင့် ဆေးကုသမှုတစ်ခုကို ခံယူခဲ့ရသူ ဖြစ်ပါတယ်။

“မက်အယ်လစ္စတာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ကစားခဲ့လို့ ဒူးပေါက်ပြဲသွားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒဏ်ရာကဟောင်းလောင်းဖြစ်လာလို့ သူ့ရဲ့ဒူးကို ကုသပေးခဲ့ရပါတယ်။ ဒူးဒဏ်ရာက နာကျင်နေပေမယ့် သူ ဆက်ကစားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဒဏ်ရာက ပိုဆိုးလာပြီး မလှုပ်ရှားနိုင်တော့ချိန်မှာ မက်အယ်လစ္စတာကို လူစားလဲလှယ်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ကြာမြင့်နိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။ သိပ်မကြာဖို့တော့ မျှော်လင့်ထားတာပေါ့”လို့ ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #မာတစ် #ပရီးမီးယားလိဂ် #မက်အယ်လစ္စတာ