ရှေ့သို့
Image

ဗလာဟိုဗစ်နှင့် ပါတေးတို့အတွက် ဂျူဗင်တပ်စ်နှင့် ဆွေးနွေးမှုအပေါ် ဖွင့်ဟလိုက်တဲ့ အီဒူး

11:05 AM, 7 December

ဗလာဟိုဗစ်နှင့် ပါတေးတို့ရဲ့ အပြောင်းအရွှေ့အလားအလာနှင့်ပတ်သက်ပြီး မေးရာတွင် ဂျူဗင်တပ်စ်က အရမ်းကို ညှိနှိုင်းရခက်ပါတယ်လို့ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးက ပြောကြားလိုက်ပါတယ်။ ဂန်းနားတွေဟာ ဂျူဗင်တပ်စ်တိုက်စစ်မှုးကိုခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး ယခု ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ်လို့ အီတလီရှိသတင်းတွေက ပြောနေကြတာပါ။

အသက် ၂၃ နှစ်အရွယ် ဆားဘီးယားနိုင်ငံသားဟာ စီးရီးအေကလပ်အတွက် ၇၅ ပွဲကစားထားပြီး ၂၈ ဂိုးသွင်း ၇ ဂိုး ဖန်တီးပေးထားကာ အာတီတာက အသင်းရဲ့တိုက်စစ်အားကို မြှင့်တင်ဖို့ ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ မြောက်လန်ဒန်သားတွေအဖို့ လာမယ့်ဈေးကွက်မှာ ငွေကြေးအနည်းငယ်သာ ရရှိမှာဖြစ်တာကြောင့် ငွေကြေးရရှိရန် အခြားကစားသမားတွေကို ရောင်းချပြီး ရှာဖွေရမှာဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ အာဆင်နယ်ကစားသမားကတော့ ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမား ပါတေးပဲဖြစ်ပါတယ်။ နှစ်သင်းအကြား ကစားသမားအလဲထပ်က ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြသော်လည်း တူရင်မှာကျင်းပခဲ့တဲ့ Golden Boy ဆုပေးပွဲမှာ ကစားသမားတွေအကြောင်းမေးမြန်းရာမှာ အီဒူးက တည်တည်ငြိမ်ငြိမ်ပဲဖြေကြားခဲ့ပါတယ်။

ကစားသမားနှစ်ဦးရဲ့အလဲထပ်အတွက် အဆိုပါဆုပေးပွဲရဲ့ ဥက္ကဌလည်းဖြစ် ဂျူဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာလည်းဖြစ်တဲ့ ဂူရန်တိုလီနဲ့ ဆွေးနွေးခဲ့ပါသလားလို့ မေးရာတွင် မဆွေးနွေးရသေးပါဘူး၊ သူတို့က ညှိနှိုင်းဖို့အရမ်းခက်ခဲပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

Golden Boy ဆုပေးပွဲမှာ ဥရောပရဲ့အကောင်းဆုံး ဒါရိုက်တာဆုရရှိခဲ့ပြီးနောက် နည်းပြအာတီတာနှင့် ဆက်ဆံရေးအကြောင်းမေးမြန်းရာတွင် "ကျွန်တော်တို့က အရမ်းကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးထားတာပါ။ ကျွန်တော်တို့နှစ်ဦးစလုံးက ဘောလုံးလောကမှာ တစ်ခုခုလုပ်ပြချင်တဲ့ ဘောလုံးသမားတွေအဖြစ်စခဲ့ကြတာဖြစ်ပါတယ်"
"သူနဲ့အတူ လက်တွဲရတာက ပျော်စရာကောင်းပါတယ်။ သူက တကယ်ကိုပရော်ဖက်ရှင်နယ်ဆန်ပြီး ကောင်းတဲ့သူပါ။ ဒီနှစ်ချက်ကိုပေါင်းလိုက်မယ်ဆိုရင် အားလုံးကရိုးရှင်းလာပါတယ်" "အာဆင်နယ်မှာ သူနဲ့အတူ လက်တွဲလုပ်ရတာ အရမ်းကိုကံကောင်းပါတယ်။ ကျွန်တော်တို့က များသောအားဖြင့် ကလပ်အကြောင်း ဆွေးနွေးကြပြီး ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့အချိန်တွေရှိပါတယ်လို့ ပြောနိုင်ပါတယ်" "အာဆင်နယ်မှာ အားကစားဒါရိုက်တာဖြစ်ရတာ အရမ်းကောင်းပါတယ်။ ဒီဆုကိုရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ် ဘာကြောင့်လဲဆိုတော့ ကစားသမားဘဝက အနားယူလိုက်ခြင်းပဲ ကျွန်တော်ဟာ အခြားတစ်ဖက်သို့ကူးပြောင်းခဲ့ပြီး ဒီလိုအဆင့်တန်းမြင့်တဲ့အရာကို ရရှိခဲ့လို့ပါ"လို့ အီဒူးက ပြောပါတယ်။

#အီဒူး #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ပါတေး #ဗလာဟိုဗစ်