ရှေ့သို့
Image

လီဗာပူးနောက်ခံလူ မာတစ်ရဲ့ ဒဏ်ရာအခြေအနေကို ဖွင့်ပြောပြလာတဲ့ နည်းပြ ယာဂန်ကလော့ပ်

1:58 PM, 6 December

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝါရင့်နောက်ခံလူမာတစ်ရဲ့ဒူးဒဏ်ရာ အခြေအနေဟာ သိပ်တော့ မကောင်းလှဘူးလို့ ပြောဆိုလိုက်ပြီး ကစားသမားအနေဖြင့် ကာလရှည်အနားယူရမှုတစ်ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ ဖူလ်ဟမ်ကို ၄-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်း ဒူးဒဏ်ရာ ရရှိခဲ့တဲ့မာတစ်ကို လူစားလဲလှယ်ခဲ့ရပါတယ်။

ဒီနေ့ညပိုင်း၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ကလော့ပ်က “ဓါတ်မှန်ရိုက်စစ်ဆေးတာ မပြီးသေးလို့ အသေးစိတ်တော့ မသိရသေးပေမယ့် သိပ်တော့လည်း အဆင်မပြေလှပါဘူး။ အချိန်အတိုင်းအတာအတိအကျကို ကျွန်တော်ကိုယ်တိုင်လည်း မသိရသေးပေမယ့် ကြည့်ရတာ သိပ်တော့ မကောင်းလှပါဘူး။ ကျွန်တော် ပြောနိုင်တာ ဒီလောက်ပါပဲ။ ကျွန်တော်လည်း မာတစ်ကို သိပ်မကောင်းလှဘူးလို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာက ဘယ်လောက်အထိ ကြာမြင့်နိုင်မလဲဆိုတာ ကျွန်တော်တို့လည်း မသိရသေးပါဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ လီဗာပူးရဲ့စီနီယာကစားသမားအချို့ ဒဏ်ရာပြဿနာတွေနဲ့အတူ အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး မန်စီးတီးနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူးဂျိုတာ၊ ဂိုးသမား အလီဆင်တို့ ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည်အနားမယူရဖို့တော့ မျှော်လင့်ရပါတယ်။
မာဆေးဆိုဒ်ဒေသခံကလပ်က ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ပုခုံးဒဏ်ရာကြောင့် လက်လွှတ်ထားရသလို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ သီယာဂိုနဲ့ ဘာ့ဂျ်စီတစ်တို့ကိုလည်း ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးရာသီဝက်ရောက်ရှိလာဖို့ နီးစပ်နေတဲ့ အခုအချိန်အထိ လက်လွှတ်ထားရပြန်ပါတယ်။

#လီဗာပူး #ကလော့ပ် #မာတစ် #ပရီးမီးယားလိဂ်