ရှေ့သို့
Image

လီဗာပူးအတွက် အကောင်းဆုံးဖြစ်စေမယ့်နေရာမှာ အာနိုးလ်ကစားပေးလိမ့်မယ်လို့ ထုတ်ပြောလာတဲ့ ကလော့ပ်

11:33 AM, 6 December

လွန်ခဲ့တဲ့သီတင်းပတ်၊ အိမ်ကွင်းအန်ဖီးလ်မှာ ဖူလ်ဟမ်ကို ကွင်းလယ်မှာ တက်ရောက်ကစားတဲ့ အာနိုးလ်ရဲ့ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အင်္ဂလန်ကြယ်ပွင့်ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်စေမယ့်နေရာမှာ ကစားပေးလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

စီနီယာကစားသမားဘဝကို ညာနောက်ခံလူအဖြစ် စတင်ခဲ့တဲ့ အာနိုးလ်က နောက်ပိုင်းပွဲစဉ်တွေမှာ ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားနေပြီး သူ့ရဲ့အကောင်းဆုံး နေရာနဲ့ ပတ်သက်လို့ အငြင်းအခုံတွေပင် ပေါ်ပေါက်နေရပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ အင်္ဂလန်လက်ရွေးစင် ကစားသမားကို နေရာတစ်ခုတည်းမှာ သတ်သတ်မှတ်မှတ်ကစားတာမျိုး မလိုချင်ပါဘူး။

“ကျွန်တော်တို့မှာ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ရဖို့ ကျန်ရှိနေပါသေးတယ်။ အာနိုးလ်ကလည်း ဒီအတိုင်းပဲ ရှုမြင်ထားတာပါ။ အာနိုးလ်က ကွင်းလယ်မှာကစားနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူက တကယ့်ကို ကောင်းကောင်းမွန်မွန်နဲ့ ကစားနိုင်တာပါ။ သူ ဒီထက်ပိုကောင်းချင်တယ်ဆိုရင် နေရာတိုင်းကို လွှမ်းမိုးကစားနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက ကျွန်တော်တို့အတွက် ပိုကောင်းအောင်လုပ်ပေးနိုင်လို့ပါပဲ”လို့ ကလော့ပ်က ဆိုပါတယ်။

အာနိုးလ်က လွန်ခဲ့တဲ့နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမှာ ဗဟိုကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်၊ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသက်-၂၅ နှစ်အရွယ် ကစားသမားက နောက်ခံအစွန်လူအဖြစ်သာ ပွဲထွက်ကစားခဲ့ရပေမယ့် အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။

ဂျာမန်သားနည်းပြက “အာနိုးလ်ဟာ လီဗာပူးသမိုင်းတလျှောက် အအောင်မြင်ဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာခဲ့ပါပြီ။ မကြာသေးမီကာလတွေမှာလည်း သူက ပရီးမီးယားလိဂ်ရဲ့ညာနောက်ခံကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူက ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်စေမယ့် နေရာမှာ ကစားပေးပါလိမ့်မယ်။ ဒါပါပဲ၊ အာနိုးလ်ကလည်း ဒီအတိုင်းပဲ ရှုမြင်ထားပါတယ်။ ကျွန်တော် ခေါင်းမာတာ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော်က ပွဲစဉ်တိုင်းလိုလို ကွင်းလယ်မှာ မကစားစေချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း အငြင်းအခုံတွေမှာ ပါဝင်သွားဖို့ မရှိဘူး။ မီဒီယာတွေအနေနဲ့ ဒီကိစ္စအပေါ် စိတ်ကြိုက်ဆွေးနွေးခွင့်ရှိပေမယ့် လွှမ်းမိုးမှုတစုံတရာ မရှိလာနိုင်ပါဘူး။ သူ ဒီထက်ပိုကောင်းချင်တယ်ဆိုရင် နေရာတိုင်းကို လွှွမ်းမိုးကစားနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာနိုးလ်သာ ကောင်းကောင်းကစားနေရင် ကျွန်တော်တို့အသင်း အတွက် ပိုကောင်းလာအောင် လုပ်ပေးနိုင်စွမ်းရှိနေလို့ပါပဲ”လို့ ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #အာနိုးလ် #ပရီးမီးယားလိဂ်