ရှေ့သို့
Image

အသင်းခေါင်းဆောင် ဂယ်လာဟာရဲ့အနီကတ်ပြစ်ဒဏ်ဟာ ထိုက်တန်မှုမရှိဘူးလို့ ပြောကြားလာတဲ့ ပိုချက်တီနို

2:08 PM, 4 December

ယမန်နေ့ညက ချဲလ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရိုက်တန်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဩဂုတ်လနှောင်းပိုင်း ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲကို ပြန်လည်ရရှိခဲ့ပေမယ့် အသင်းခေါင်းဆောင် ဂယ်လာဟာကတော့ ပထမပိုင်းအတွင်းမှာပဲ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ၁၀ ယောက်တည်းနဲ့  ကစားပုံကို နည်းပြဖြစ်သူ မော်ရီစီယိုပိုချက်တီနိုက ချီးကျူးခဲ့ပြီး ဂယ်လာဟာရဲ့ အနီကတ်ပြစ်ဒဏ်ဟာလည်း ထိုက်တန်မှုမရှိဘူးလို့ ယူဆနေတာဖြစ်ပါတယ်။ ဂယ်လာဟာ ထွက်ခွါသွားရချိန်မှာ ချဲလ်ဆီးအသင်းဟာ ၂-၁ နဲ့ပွဲကို ဦးဆောင်ထားနေတာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း ဘရိုက်တန်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက ဂယ်လာဟာရဲ့အနီကတ်ပြစ်ဒဏ်က ထိုက်တန်မှုမရှိသော်လည်း အခုလို တစ်ယောက်လျော့အနေအထားနဲ့ ကစားရတဲ့ စိန်ခေါ်ချက်မျိုးက ချဲလ်ဆီးအသင်းအတွက် လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ ၎င်းက “ကျွန်တော့်အတွက်တော့ ဂယ်လာဟာရဲ့ ဒုတိယအဝါကတ်က မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော် တစ်ဦးတည်းရဲ့ ထင်မြင်ယူဆချက်ဖြစ်လို့ မှားရင်လည်းမှားနိုင်ပါတယ်။ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ ပုံစံအမှန်ကို မပြသနိုင်ခဲ့လို့ ဒီနေ့မှာ အကောင်းဆုံးကစားပြီး အနိုင်ရရှိချင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အသင်းအတွက် ဂုဏ်ယူပါတယ်။ ဘရိုက်တန်လိုအသင်းမျိုးကို ခံစစ်နဲ့ကစားရတာက အရမ်းခက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒုတိယပိုင်းမှာ ကျွန်တော်တို့အကောင်းဆုံးပုံစံရှိခဲ့ပြီး တစ်ယောက်လျော့ အနေအထားနဲ့ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကစားသမားတွေအနေနဲ့ ကစားရတာမလွယ်ကူပါဘူး။ ဒါပေမယ့် ပွဲကို ထိန်းချုပ်နိုင်ခဲ့ကြလို့ သူတို့အတွက် ဂုဏ်ယူပါတယ်။ အခုလို တစ်ယောက်လျော့ အနေအထားနဲ့ ကစားရတာကလည်း အသင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂-၁ နဲ့ပွဲကို  ဦးဆောင်ထားနိုင်တာကလည်း ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။ အခုလို အသင်းတစ်သင်းရဲ့ ပုံစံကို ပြသနိုင်ခဲ့တာက ကျွန်တော်တို့ကိုတိုးတက်စေပါလိမ့်မယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုရှုံးပွဲကြောင့် ဘရိုက်တန်နည်းပြ ရော်ဘတ်တိုဒီဇာဘီကတော့ ပေါက်ကွဲနေခဲ့ပြီး ချဲလ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒီဇာဘီက “ကျွန်တော်တို့ ဂိုး ၃ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တကယ်ကိုမိုက်မဲတဲ့ ဂိုး ၃ ဂိုးပါ။ ကျွန်တော်တို့ ရခဲ့တဲ့ ပထမဂိုးကတော့ မယုံနိုင်စရာပါပဲ။ တတိယဂိုး ခွင့်မပြုရခင်မှာ ကျွန်တော်တို့ဟာ ချေပဂိုးပြန်လည် ရရှိဖို့ အခွင့်အရေးကောင်းတွေရှိခဲ့ပေမယ့် ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ခက်ခဲသွားခဲ့ပါတယ်။ ဒီလိုအမှားမျိုးပြုလုပ်မိရင်တော့ ကျွန်တော်တို့ ရှုံးမှာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #ပိုချက်တီနို #ဂယ်လာဟာ #ပရီးမီးယားလိဂ်