ရှေ့သို့
Image

ဘရာဇီးလိဂ်ပွဲစဉ်အတွင်း ပြိုင်ဘက်ကို လက်သီးနဲ့ထိုးခဲ့ပေမဲ့ အနီကဒ်ပြသခြင်းမခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် စတားဘွိုင်း အန်းဒရစ်

2:06 PM, 2 December

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘရာဇီးစိန်းရိုင်းတုံးလေး အန်းဒရစ်ခ်က ဘရာဇီးလိဂ် ပွဲစဉ်တစ်ပွဲအတွင်းမှာ ပြိုင်ဘက်ကစားသမားကို လက်သီးနဲ့ ထိုးခဲ့ပေမဲ့ အနီကဒ်မပြသခဲ့တာပဲ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့သလို တိုက်စစ်ပိုင်းအတွက် အန်းဒရစ်ခ်ကိုပါ ကြိုတင်သဘောတူညီမှုရယူထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း အကြိုသဘောတူညီမှုရယူကာ ခေါ်ယူထားတဲ့ အန်းဒရစ် အနေဖြင့် အသက် ၁၇ နှစ်အရွယ်မှာ ဥရောပထိပ်သီးအသင်းကို ပြောင်းရွှေ့ရန် သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလိဂ်ပွဲစဉ် ၃၅ မှာ ပြိုင်ဘက် ဖော်တာလီဇာအီးစီအသင်းရဲ့ ကစားသမားကို လက်သီးနဲ့ ထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ပယ်လ်မီးရက်စ်အသင်းက ဖော်တာလီဇာအသင်းကို ၁ဂိုး အကွာနဲ့ အရေးနိမ့်နေချိန် ဒုတိယပိုင်းပွဲကစားချိန် အစောပိုင်းတွင် ပြိုင်ဘက်ကစားသမား သီယာဂိုဂယ်ဟာဒိုနဲ့ ဘောလုံးယှဉ်လုရင်း အန်းဒရစ်က လက်သီးနဲ့ သိသိသာသာ ထိုးခဲ့တာကြောင့် ဂယ်ဟာဒို မြေပြင်အထက်တွင် လူးလိမ့်နေရပေမဲ့ ကွင်းလယ်ဒိုင်လူကြီးအနေဖြင့် အနီကဒ်ပြသခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲပြီးချိန်တွင် ၂ဂိုး - ၂ဂိုး သရေရလဒ်ဖြစ်ပေါ်ခဲ့ပြီး အိမ်ရှင် ဖော်တာလီဇာအသင်းအတွက် သွင်းဂိုးတွေကို ကာလီဘီနဲ့ ဂယ်လ်ဟာဒိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ပယ်လ်မီးရက်စ်အသင်းအတွက် ချေပဂိုးတွေကို ဗီဂါနဲ့ ရာဖေးလ်တို့က သွင်းယူခဲ့ကြကာ ရမှတ်ခွဲဝေယူခဲ့ကြတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ အန်းဒရစ်ခ်