ရှေ့သို့
Image

လီဗာပူးအတွက် ပွဲထွက်ခွင့်ရရှိရေး ဒါဝင်နူနက်ဇ်နဲ့ ယှဉ်ပြိုင်ရမှုအပေါ် ကျေနပ်အားရနေတဲ့ ကိုဒီဂတ်ပို

2:38 PM, 30 November

အခုဘောလုံးရာသီမှာ ပုံစံကောင်းပြသနေတဲ့ ဒါဝင်နူနက်ဇ်နဲ့အပြိုင် ပွဲထွက်ခွင့်ရရှိရေး တိုက်ပွဲဝင်နေရပေမယ့် အခုလိုအခြေအနေအပေါ် ကျေနပ်အားရမိသလို ဒီနေ့ညပိုင်း၊ လင့်ခ်နဲ့ ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ကိုဒီဂတ်ပိုက ပြောဆိုလိုက်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်စည်းမျဉ်းတွေအရ ဥရောပအဆင့်ပွဲစဉ်တစ်ခုမတိုင်ခင် ကစားသမားတစ်ဦးက အသင်းနည်းပြနဲ့အတူ ပွဲကြိုသတင်းစာရှင်းလင်းပွဲ တက်ရောက်ရန် ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။ လင့်ခ်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိရေးမျှော်လင့်မှုတွေနဲ့အတူ ဂတ်ပိုက ဗုဒ္ဓဟူးနေ့မှာ ကျရောက်လာတဲ့ မီဒီယာတွေ့ဆုံမှုတာဝန်ကို ရယူခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဂတ်ပိုက အထောင်တိုက်စစ်ပိုင်းမှာကစားဖို့ ပါဝင်လာဖွယ်ရှိပြီး တောင်ပံတိုက်စစ်ပိုင်းအတွက် ဘန်ဒုတ်၊ မိုဆာလက်နဲ့ ဒီယက်ဇ်တို့ရှိနေကာ ဒါဝင်နူနက်ဇ်ကတော့ အရန်ခုံတန်းမှာ ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ ဂတ်ပိုနဲ့ ဒါဝင်နူနက်ဇ်တို့က အခုဘောလုံးရာသီမှာ ဗဟိုတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်အညီအမျှရရှိနေပေမယ့် ဂတ်ပိုက ပရီးမီးယားလိဂ်ထက် ဒုတိယတန်းစားပြိုင်ပွဲတွေမှာသာ ပွဲထွက်ခွင့် ပိုမိုရရှိထားတာလည်း ဖြစ်ပါတယ်။

ဂတ်ပိုက “ဒါဝင်နူနက်ဇ်လည်း အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ပြောရမယ်ဆိုရင် ဒါက ပြိုင်ဆိုင်မှုတစ်ခုလိုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ဦးလုံးက အသင်းကိုကူညီပေးနိုင်ဖို့အတွက် တက်နိုင်သလောက်ကြိုးစားသွားဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အလှည့်အပြောင်းတစ်ခုကို ပြန်ကြည့်လိုက်မယ်ဆိုရင် နယ်သာလန်တိုက်စစ်မှူးက အန်ဖီးလ်ဆီ ပီအက်စ်ဗွီမှ ရောက်ရှိလာချိန် အထောင်တိုက်စစ်မှူးအဖြစ်သာ ကစားခဲ့ရပေမယ့် ဒါဝင်နူနက်ဇ်ရှိလာချိန်မှာတော့ ဥရုဂွေးသားကသာ ဥိးစားပေးရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့တာကို မြင်တွေ့ရပါလိမ့်မယ်။

အခုဘောလုံးရာသီမှာ ယာဂန်ကလော့ပ်ရဲ့အသင်းက ပုံမှန်ခြေစွမ်းမျိုးပြန်လည် ပြသလာနိုင်မှုနဲ့အတူ ဒါဝင်နူနက်ဇ်က အသင်းရဲ့ဗဟိုတိုက်စစ်မှူးအဖြစ် ပိုမိုကစားခွင့်ရရှိလာခဲ့လို့ ဂတ်ပိုက အသင်းရဲ့အခြားနေရာတွေမှာပါ ပြောင်းလဲကစားလာခဲ့ရပါတယ်။

ဂတ်ပိုက “ ကျွန်တော့်အနေနဲ့ တိုက်စစ်မှူးအဖြစ်ရော၊ ကွင်းလယ်နဲ့ ဘယ်တောင်ပံမှာပါ ကစားခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော် ပိုကောင်းအောင်ကစားနိုင်တယ်လို့လည်း ထင်ပါတယ်။ နေ့စဉ်နေ့တိုင်းတိုးတက်လိုစိတ် ရှိနေတယ်ဆိုရင် အမြဲတမ်းပိုကောင်းတဲ့ကစားသမား ဖြစ်လာချင်ပါလိမ့်မယ်။ ဒါပေမယ့် အရာအားလုံး အဆင်ပြေသွားခဲ့ပြီးပြီလို့ ကျွန်တော်ယူဆမိပါတယ်။ ဒါကြောင့် ကျွန်တော်က ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်နေတယ်ဆိုရုံပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်က တိုက်စစ်မှူးအဖြစ် ကစားပေးခဲ့ရတယ်ဆိုပေမယ့် အခုဘောလုံးရာသီမှာတော့ တိုက်စစ်မှူးအဖြစ်ရော၊ ကွင်းလယ်ကစားသမားအဖြစ်ပါ ကစားခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီနေရာနှစ်ခုလုံးကို အာရုံစိုက်လေ့လာနေပြီး ကျွန်တော့်အတွက်ဖြစ်လာနိုင်တဲ့ အကောင်းဆုံး ကစားသမားဖြစ်လာအောင် ကြိုးစားရင်း ကျွန်တော် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြသချင်ရုံပါပဲ”လို့ ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ဒါဝင်နူနက်ဇ် #ဂတ်ပို #ပရီးမီးယားလိဂ်