ရှေ့သို့
Image

ပြစ်ဒဏ်ဘော ၂ ခုကနေ ၂ ဂိုးပေးလိုက်ရတဲ့အတွက် ဖာနန်ဒက်စ်အနေနဲ့ တာဝန်အပြည့်အဝယူရမယ်လို့ ပေါလ်စခိုးလ် ပြောကြား

2:00 PM, 30 November

ဂါလာတာစာရေးအသင်းကို မဖြစ်သင့်တဲ့ပြစ်ဒဏ်ဘော ၂ ခုပေးခဲ့ရပြီး အဆိုပါပြစ်ဒဏ်ဘော ၂ ကြိမ်ကနေ ၂ ဂိုး ပေးခဲ့ရပြီးနောက် ၃-၃ သရေကျခဲ့ကာ ပွဲအပြီး ဖာနန်ဒက်စ်ရဲ့ဝေဖန်မှုကို ပေါလ်စခိုးလ်က တုံ့ပြန်လိုက်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်က ပွဲအပြီးမှာ သူ့အသင်းရဲ့စွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိခဲ့ဘူးလို့ အင်တာဗျူးမှာ ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ တူရကီကလပ်ဟာ ယူနိုက်တက်ကို နောက်ကနေလိုက်ကစားပြီး ၃-၃ သရေကန်နိုင်ခဲ့ကာ ယူနိုက်တက်အနေနဲ့ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့ မဖြစ်မနေအနိုင်ကန်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းမှာ ယူနိုက်တက်တို့ ဂါနာချို ၊ ဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးနောက် မျှော်လင့်ချက်ရှိလာခဲ့ပေမယ့် မဖြစ်သင့်တဲ့ပြစ်ဒဏ်ဘောအမှား ၂ ခုကနေ ၂ ဂိုးပြန်ပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဖာနန်ဒက်စ်က “ကျွန်တော်တို့အနိုင်ကန်နိုင်ဖို့နီးစပ်ခဲ့တဲ့ နောက်ထပ်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေအများကြီးရခဲ့ပါတယ်။ ကျွန်တော်ပြောသလို အမှားတွေက ကိုယ်တိုင်ပဲလုပ်မိကြတာပါ။ အဲ့တာက တော်တော်ဆိုးဝါးပါတယ်။ အရိုးသားဆုံးပြောတာပါ။ ကျွန်တော် အနုတ်လက္ခဏာဆောင်တာမျိုး မလိုချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံလိဂ်မှာလုပ်ပြနေတာတွေက မလုံလောက်ပါဘူး။ အချိန်တိုင်းမှာ ကျွန်တော်တို့ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးဖြစ်တာ ပထမဆုံးပွဲမဟုတ်တော့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်က ပင်နယ်တီဧရိယာညာခြမ်းမှာပဲ ပြစ်ဒဏ်ဘော ထပ်ပေးခဲ့တာဖြစ်ပြီး ဇီယက်ချ်ကပဲ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေါလ်စခိုးလ်က ပွဲအပြီးအင်တာဗျူးမှာ ဖာနန်ဒက်စ်ရဲ့ဖြေကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော် သူအင်တာဗျူးမှာ အမှားတွေအကြောင်းပြောတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကပဲ ကြီးမားတဲ့အမှား ၂ ခုလုပ်ခဲ့တာပါ။ အဲ့အမှား ၂ ကြိမ်ကနေ ၂ ဂိုးပေးလိုက်ရတာပါ။  အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ အဲ့တာကို သူ့ဘက်က အပြည့်အဝတာဝန်ယူဖို့ လိုအပ်ပါတယ်။ အဲ့ပွဲက အနိုင်ရသင့်ပွဲပါ။ သူတို့ ပေးဂိုးမပေးရအောင် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ခံစစ်ကလည်း လျော့ရဲခဲ့သလို ဂိုးသမားကလည်း အမှားလုပ်ခဲ့ပါတယ်။ ဘရူနိုက ပြစ်ဒဏ်ဘောတွေပေးပါတယ်။ အဲ့တာက သူတို့ကိုအချိန်တိုင်း ခက်ခဲစေတာပါ။ သူတို့အဲ့တာမျိုးမလုပ်သင့်ပါဘူး”လို့ ပေါလ်စခိုးလ်က ပြောကြားခဲ့ပါတယ်။

အဆိုပါရလဒ်ကြောင့် ယူူနိုက်တက်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် ဘိုင်ယန်ကို အနိုင်ရဖို့ လိုအပ်သလို အခြားရလဒ်တွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #ဖာနန်ဒက်စ် #ချန်ပီယံလိဂ် #ပေါလ်စခိုးလ်