တိုက်စစ်ကစားသမားတွေကို ပိုပြီးလွတ်လွတ်လပ်လပ်ကစားနိုင်ကြမယ်လို့ မျှော်လင့်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ တူချယ်
9:53 AM, 30 November
ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူချယ်က ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ ၎င်းရဲ့အသင်းဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိ သရေရလဒ်သာ ပုံဖော်နိုင်ခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ကို ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်ကြမယ်လို့ မျှော်လင့်ခဲ့ကြောင်းဖွင့်ဟလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်ပိုင်းလူစာရင်း ပြောင်းလဲမှုအချို့ပြုလုပ်လာခဲ့ပြီး သောမတ်စ်မူလာ၊ ရာဖေးလ်ဂူရယ်ယိုနဲ့ မေသစ်တဲလ်တို့ကို နေရာပေးပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ပုံမှန်ပွဲထွက်နေကျ မဟုတ်တဲ့ ကစားသမားတွေကို ထည့်သွင်းအသုံးပြုလာခဲ့သော်လည်း တူချယ်လ်အနေနဲ့ တိုက်စစ်ပိုင်း ကစားသမားတွေဆီက ရလဒ်ကောင်းတစ်ခုကိုတော့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် တူချယ်ဟာ မူလာ၊ ဂူရယ်ယိုနဲ့ မေသစ်တဲလ်တို့ ၃ ယောက်အတွဲကို ပိုပြီးမျှော်လင့်ချက်ထားခဲ့တာ ဖြစ်ပါတယ်။ ယနေ့ပွဲထုတ်လာခဲ့တဲ့ ကစားသမားအသစ်တွေထံမှ ယခုရလဒ်ထက်ပိုပြီး မျှော်လင့်ထားခြင်းရှိမရှိအပေါ် တူချယ်လ်က “ပြောရမှာခက်ပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီလို နိုဝင်ဘာလနှောင်းပိုင်းရဲ့ ညနေခင်းတွေမှာကစားရတာက မလွယ်ပါဘူး။ ကျွန်တော်တို့က အုပ်စုအဆင့်ကို ပထမဆုံး ကျော်ဖြတ်ပြီးသားအသင်းဖြစ်ပြီး ဆုံးရှုံးစရာလည်း ဘာမှမရှိတော့လို့ ကစားသမားတွေအနေနဲ့ ဒီပွဲမှာ ဖိအားကင်းကင်းနဲ့ ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်ကြမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့ဘဲ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုးမလုပ်နိုင်ခဲ့ကြပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်ထားပြီးဖြစ်တာကြောင့် ယခုလို တူချယ်လ်ရဲ့ ဖိအားကင်းတဲ့ တိုက်စစ်ပိုင်း အစွမ်းပြမှုကို လိုချင်တဲ့မျှော်လင့်ချက်က မှားယွင်းမှုတစ်ခုတော့မဟုတ်ပါဘူး။ သို့သော်လည်း ကစားသမားတွေ အနေနဲ့လည်း ပုံမှန်ပွဲထွက်မရတဲ့ ကစားသမားတွေဖြစ်နေတာကြောင့် တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိမိနဲ့ ကစားနိုင်ဖို့ခက်ခဲနေပြီး လွတ်လပ်တဲ့တိုက်စစ်စွမ်းဆောင်ချက်ကို မပြသနိုင်ခဲ့ကြတာဖြစ်ပါတယ်။
မူလာ၊ ဂူရယ်ယိုနဲ့ တဲလ်တို့ဟာ မေးခွန်းထုတ်စရာမလိုတဲ့ အရည်အသွေးမြင့် ကစားသမားတွေဖြစ်ကြသော်လည်း ကွင်းထဲကခြေစွမ်းပြနိုင်ဖို့ကတော့ နောက်ထပ်ပွဲကစားခွင့်ရရှိဖို့ လိုအပ်နေကြပါသေးတယ်။ အခုလို ပြဿနာဟာ လူစာရင်းများများစားစားမရှိတဲ့ ဘိုင်ယန်မြူးနစ်လို အသင်းအတွက်တော့ အံ့အားသင့်စရာဖြစ်နေပါတယ်။ ဒီပြဿနာဟာ တူချယ်လ်နဲ့ ဘိုင်ယန်အတွက် အသင်းရဲ့တည်ငြိမ်တဲ့ပုံစံကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာစေခဲ့ပါတယ်။