ရှေ့သို့
Image

ဗစ်တာအိုဆီမန်နဲ့ တိုနေးတို့အား ပစ်မှတ်ထားနေပေမဲ့ ဘရိုဂျာကိုပါ ဆက်ထိန်းထားရန် လုပ်ဆောင်နေတဲ့ ချဲလ်ဆီး

3:51 PM, 29 November

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီပူးတွဲပိုင်ဆိုင်အပြီး အပြောင်းအရွှေ့ကာလ ၃ ခုအတွင်း ပြောင်းရွှေ့ကြေး အမြောက်အမြားသုံးစွဲကာ ဥရောပ အခြေစိုက်ထိပ်တန်း ကစားသမားအချို့ကို ခေါ်ယူထားပေမဲ့ ရလဒ်ပိုင်း အားနည်းနေဆဲဖြစ်တဲ့ ချဲလ်ဆီးအသင်းက ဂိုးရရန်ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား ထပ်မံအားဖြည့်မယ့်အပြင် ဘရိုဂျာကိုပါ ဆက်ထိန်းရန် လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကော့ဟမ်းအကယ်ဒမီထွက်ကစားသမားကို ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းက မီထရိုဗစ်ရဲ့နေရာတွင် အစားထိုးရန် စိတ်ဝင်စားနေတာဖြစ်ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ၄ဂိုး - ၄ဂိုး သရေရလဒ်ဖြစ်ပေါ်ခဲ့တဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ ပင်နယ်တီကို ရယူပေးနိုင်ခဲ့သလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဒဏ်ရာကနေ သက်သာလာအပြီးမှာ နည်းပြ ပိုချက်တီနိုရဲ့ ကစားသမားစာရင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် နေရာရလာတာလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းအပြင် အေစီမီလန်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ကလည်း ခြေစွမ်းခြေစကောင်းတွေ ပြသနေတဲ့ အသက် ၂၂ နှစ်အရွယ် ဘရိုဂျာကို ခေါ်ယူရန် စိတ်ဝင်စားမှု ပြသနေပေမဲ့ ကစားသမားက စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်ကလပ် အသင်းတွင် ဆက်နေရန်သာ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတွင်သာ ဆက်ကစားသွားရန် ဆန္ဒရှိတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဘရိုဂျာက“ကစားသမားအများစုက ပွဲထွက်ကစားခွင့်နဲ့ ပတ်သက်ရင် ငြိုငြင်တက်ကြတာမှန်ပေမဲ့ ကျွန်တော်အနေနဲ့ ဒဏ်ရာကနေ သက်သာလာစဖြစ်လို့ ဒီအကြောင်းတွေကို စိတ်ရှည်ပေးနိုင်ရပါမယ်။ နည်းပြ အပါအဝင် ကလပ်အသင်း အကြီးအကဲတွေနဲ့ ပရိသတ်တွေကို သက်သေပြသနိုင်ဖို့လည်း လိုပါသေးတယ်။ ကျွန်တော့်အနေနဲ့ တိုက်စစ်ပိုင်းမှာ ကစားနိုင်တဲ့ အရည်အသွေးပြည့်မီတယ်လို့ ထင်ပါတယ်”လို့ ဖွင့်ဟ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဘရိုဂျာ #ပိုချက်တီနို #အိုဆီမန် #ပရီးမီးယားလိဂ် #တိုနေး