ရှေ့သို့
Image

ပေါ်တိုကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ဘာစီလိုနာ ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာ ထုတ်ဖော်လာတဲ့ ဇာဗီ

1:54 PM, 29 November

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ဘာစီလိုနာက ပေါ်တိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ဘာစီလိုနာကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က ယခုပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ ၎င်းရဲ့အသင်းကို ဘာပြောခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ်တိုရဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရသော်လည်း ဘာစီလိုနာဟာ ဂျိုအိုကန်ဆယ်လို၊ ဂျိုအိုဖီးလစ်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နောက်ကနေလိုက်အနိုင်ကစားပြီး အနိုင် ၃ မှတ်ကို ခက်ခက်ခဲခဲရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဇာဗီက “ကျွန်တော်တို့ ၁၆ သင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်။ ကလပ်အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ဟာ သမိုင်းဝင် ထိပ်တန်းအသင်းတစ်သင်းကို အနိုင်ရရှိခဲ့ကြတာပါ။ ၀-၁ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ကျွန်တော်တို့က အောင်နိုင်သူတွေရဲ့စိတ်ဓာတ်မျိုးကိုပြသနိုင်ခဲ့ပြီး အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဇာဗီက ပထမပိုင်းအပြီးမှာ ၎င်းရဲ့အသင်းထံ ဘာပြောခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး “ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ပိုပြီးရဲရဲရင့်ရင့်လုပ်ကြဖို့နဲ့ မှန်ကန်တဲ့စွန့်စားမှုတွေပြုလုပ်ဖို့ပြောခဲ့ပါတယ်။ ဒါမှ ကျွန်တော်တို့ အခွင့်အရေးတွေပိုမိုဖန်တီးနိုင်မှာပါ။ ဂျိုအိုးဖီးလစ်ဇ်ကလည်း သူ့အတွက်ရော ကလပ်အတွက်ပါ လိုအပ်နေတဲ့ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ဒါက သူ့အတွက်အရမ်းအရေးကြီးပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ အခွင့်အရေးကောင်းတွေကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ရလဒ်က ဒီထက်ပိုကောင်းပြီး အသင်းကိုလည်း ယုံကြည်မှုပိုတိုးလာစေနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ခက်ခဲတဲ့ ရက်သတ္တပတ် ၂ ပတ်အကြာမှာတော့ အသင်းဟာ အကောင်းဘက်ကို ပြန်လည်ဦးလှည့်လာခဲ့ပြီလို့ ဇာဗီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ချန်ပီယံလိဂ် #ပေါ်တို