ရှေ့သို့
Image

ပီအက်စ်ဂျီရဲ့ အငြင်းပွားဖွယ်နာကျင်အချိန်ပို ပယ်နယ်တီအပေါ် စိတ်ဆိုးဒေါသထွက်နေတဲ့ အက်ဒီဟိုဝီ

11:15 AM, 29 November

နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက ပီအက်စ်ဂျီအသင်းရဲ့ အငြင်းပွားဖွယ်နာကျင်အချိန်ပို ပယ်နယ်တီအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ဒီဆုံးဖြတ်ချက်အပေါ် မဖြစ်မနေလက်ခံပေးလိုက်ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ပြင်သစ်မြေမှာယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အီဆက်ခ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးရှာဖွေပေးခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ပြင်သစ်ချန်ပီယံတွေကို ပွဲချိန်နောက်ဆုံးမိနစ်တွေအထိ ထိန်းချုပ်ထားကာ အဖိုးတန်နိုင်ပွဲတစ်ခုဖော်ဆောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် သာမန်ပွဲကစားချိန်ပြီးဆုံးလို့ နာကျင်အချိန်ပိုအရောက်မှာတော့ နယူးကာဆယ်နောက်ခံလူ လီဗာမန်တိုက ဒမ်ဘီလီရဲ့ ဖြတ်တင်ဘောကို ခုခံရင်း ဘောလုံးကို လက်နဲ့ထိခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် ကွင်းလယ်ဒိုင်က အိမ်ရှင်တွေအတွက် ပယ်နယ်တီအခွင့်အရေး သတ်မှတ်ပေးခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ဖြတ်တင်ဘောကို ခုခံရာမှာ ဘောလုံးက လီဗာမန်တိုရဲ့ရင်ဘတ်ကိုထိခဲ့ပြီးမှ လက်မောင်းနဲ့ ထိသွားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ပယ်နယ်တီ အခွင့်အရေးကို အမ်ဘာပေက တစ်ပွဲလုံးလက်စွမ်းပြနေတဲ့ နစ်ပုတ်ကို ကျော်ဖြတ်ကာ ချေပဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဟိုဝီက “ကျွန်တော့်အတွက်တော့ ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေလက်ခံပေးလိုက်ရပါတယ်။ ကျွန်တော် တကယ့်ကို လေးလံထိုင်းမှိုင်းသွားတယ်လို့ ခံစားနေရပေမယ့် တချိန်တည်းမှာပဲ ဒီနေ့ပွဲစဉ်မှာ ကစားသမားတွေ လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအပေါ် ကျေနပ်မိပါတယ်။ သူတို့ရဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှုတွေ၊ အကောင်အထည်ဖော်ပုံတွေမှာပေါ့။ ကျွန်တော်တို့ ကံကောင်းမှုတွေ ရရှိခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ရဲ့ကံကောင်းခြင်းတွေ ရပ်တန့်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒါကို ပယ်နယ်တီပြစ်ဒဏ်လို့ မယူဆမိခဲ့ပါဘူး”

“VAR မှတ်တမ်းတွေမှာ ပါဝင်မလာတဲ့ အချက်တစ်ခုက ဘောလုံးဟာ ဘယ်လောက်မြန်မြန်သွားနေသလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဘောလုံးက လီဗာမန်တိုရဲ့ရင်ဘတ်ကို ပထမဆုံး ထိခဲ့တာပါ။ သူရဲ့လက်ကို ဘောလုံးက ပထမဆုံးထိခဲ့တယ်ဆိုရင်တောင် ပယ်နယ်တီပြစ်ဒဏ်သတ်မှတ်လို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ပြိုင်ဘက်နဲ့ အရမ်းကို နီးကပ်နေလို့ပါ။ ဒါပေမယ့် ခင်ဗျားတို့မှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အမြင်တွေ အမျိုးမျိုးရှိကြပါလိမ့်မယ်။ ဘောလုံးက ရင်ဘတ်နဲ့ထိပြီး အောက်ကိုချထားတဲ့ လက်နဲ့ထိခဲ့တာဖြစ်လို့ ဒါက ပယ်နယ်တီမဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆုံဖြတ်ချက်ချခွင့် မရှိပါဘူး။ ကျွန်တော့်စိတ်ထဲမှာတွေးနေတဲ့ အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်းထုတ်ပြောလို့ မရနိုင်ပါဘူး။ ပြောလိုက်ရင် ကျွန်တော် ဒုက္ခရောက်သွားပါလိမ့်မယ်။ ဒီအခိုက်အတန့်မတိုင်ခင်အထိ ကွင်းလယ်ဒိုင်က ပွဲကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။

ချန်ပီယံလိဂ်မရဏအုပ်စုရဲ့နောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်ကစားရဖို့ ကျန်ရှိနေသေးချိန်မှာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့က အုပ်စုပထမနဲ့ အုပ်စုဒုတိယနေရာကို သိမ်းပိုက်ထားပြီး နယူးကာဆယ်က အုပ်စုတတိယနေရာမှာ ရပ်တည်နေကာ အေစီမီလန်ကတော့ အုပ်စုနောက်ဆုံးနေရာမှာ ရှိနေပါတယ်။

#နယူးကာဆယ် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #ဟိုဝီ