ရှေ့သို့
Image

ပေါ်တိုအသင်းနဲ့ပွဲစဉ်က ဘာစီလိုနာအသင်းရဲ့ ယခုနှစ်ရာသီရလဒ်ပိုင်း အတွက် အလှည့်အပြောင်းစေမယ်လို့ ကြွေးကြော်လိုက်တဲ့ နည်းပြဇာဗီ

3:56 PM, 28 November

ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်အဖြစ် လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းနဲ့ ပေါ်တိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်မတိုင်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ နည်းပြ ဇာဗီက ရလဒ်ပိုင်း အားနည်းကာ အမှတ်ပေးချန်ပီယံဆု ကာကွယ်နိုင် ရန် အခက်ခဲဖြစ်လာနေတဲ့ ဘာစီလိုနာအသင်းရဲ့ အခြေအနေကို ပေါ်တိုအသင်းနဲ့ပွဲစဉ်မှ စတင်ကာ ပြောင်းလဲစေမယ့်အကြောင်း ကြွေးကြော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကတ္တလန်အခြေစိုက်ကလပ်အနေဖြင့် ယခုနှစ်မှာ ပုံစံကောင်းပြသနိုင်ရန် ရုန်းကနေရပြီး လာလီဂါပြိုင်ပွဲအပြင် ချန်ပီယံလိဂ် အုပ်စုတွင်းမှာပါ ရလဒ်ပိုင်းအားနည်းနေကာ ၁၆သင်း အဆင့်တက်ရောက်နိုင်ရန် ခက်ခဲနေတာကြောင့် နည်းပြ ဇာဗီအနေဖြင့် ရလဒ်ပိုင်းကို ပြောင်းလဲနိုင်စေရန် ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဟမ်းဘတ်မြို့မှာ ရှက်တာဒိုးနက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အမှတ်မထင် အရေးနိမ့်ခဲ့ရတာကြောင့် အုပ်စုအဆင့်မှ တက်လှမ်းနိုင်ရေးအတွက် ဖိအားအချို့ ကြုံတွေ့လာရပြီး ပေါ်တိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် ပွဲစဉ်မှာ နိုင်ပွဲဖော်ဆောင်ရန် လိုအပ်လာတာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီ ဘာစီလိုနာ ကစားသမားအဖြစ် ကစားနေစဉ် ၂၀၁၅ ခုနှစ်မှာ နူးကမ့်အခြေစိုက်ကလပ်အနေဖြင့် ဥရောပချန်ပီယံအဖြစ် အနီးကပ်ဆုံး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

ပေါ်တိုအသင်းနဲ့ ထိပ်တိုက် ကစားသွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်နဲ့ ပတ်သက်လို့ နည်းပြ ဇာဗီက“ဒါက သိပ်ကို အရေးကြီးတဲ့ ပွဲစဉ်ပါ။ ကျွန်တော်တို့ ဒီပွဲကိုသာ နိုင်လိုက်ရင် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မရောက်ခဲ့သေးတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ကစားခွင့်ရမှာပါ။ ဒါ့အပြင် ယခုနှစ်မှာ ရလဒ်ပိုင်း ကမောက်ကမ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီးလည်း ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာစေမယ့် လက္ခဏာဆောင်စေပါလိမ့်မယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ချန်ပီယံလိဂ် #ပေါ်တို