ရှေ့သို့
Image

VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားလာတဲ့ ဂယ်ရီအိုနေးလ်

1:55 PM, 28 November

ယနေ့နံနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ဟာ ဖူလ်ဟမ်ရဲ့ နောက်ကျပင်နယ်တီ သွင်းဂိုးကြောင့် အဝေးကွင်းမှာရှုံးပွဲကြုံတွေ့ခဲ့ရပြီး ပွဲအပြီးမှာတော့ အသင်းနည်းပြ ဂယ်ရီအိုနေးလ်က VAR ရဲ့ဆုံးဖြတ်ချက်တွေဟာ အသင်းနဲ့အမြဲတမ်း ဆန့်ကျင်နေတယ်ဆိုပြီး ဝေဖန်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ဖူလ်ဟမ်က ပင်နယ်တီ ၂ ကြိမ်အထိရရှိခဲ့ပြီး တောင်ပံကစားသမား ဝီလီယံက ၂ ကြိမ်စလုံးကို အမှားအယွင်းမရှိကန်သွင်းကာ အနိုင်သုံးမှတ်ကို ပုံဖော်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၇ မိနစ်မှာပဲ ဖူလ်ဟမ်က အီဝိုဘီရဲ့ သွင်းဂိုးနဲ့အတူ ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ၂၂ မိနစ်မှာတော့ ကူနာက ဝုဗ်အတွက် ပြန်လည် ချေပခဲ့ပါတယ်။

ထို့နောက် ဒုတိယပိုင်း ၅၉ မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် ဝီလီယံက ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူပေးခဲ့ပြီး ၇၅ မိနစ်မှာတော့ ပင်နယ်တီကနေပဲ ဟွမ်ဟီးချန်က ဝုဗ်အတွက် ထပ်မံချေပခဲ့တာဖြစ်ပါတယ်။ ၂-၂ နဲ့ပွဲပြီးဆုံးပြီလို့ ယူဆခဲ့ကြသော်လည်း ပွဲကစားချိန် ၉၀+၄ မှာတော့ VAR ဆုံးဖြတ်ချက်နဲ့အတူ ဖူလ်ဟမ်က ပင်နယ်တီ ထပ်မံရရှိခဲ့တာကြောင့် ဝီလီယံကပဲ ထပ်မံကန်သွင်းပြီး နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဝုဗ်နည်းပြ ဂယ်ရီအိုနေးလ်က “နယ်လ်ဆင်က ဘောလုံးကိုပဲထိခဲ့တာပါ။ တွမ်ကာနေးကို မထိခဲ့ပါဘူး။ ဒါကို ဒိုင်လူကြီးနဲ့အတူ ပြန်ကြည့်ခဲ့ပြီး သူကလည်း ဆုံးဖြတ်ချက်မှားခဲ့တယ်လို့ဝန်ခံပြီး မော်နီတာဆီကိုပို့သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါကအခုချိန်မှာတော့ အကူအညီမဖြစ်တော့ပါဘူး။ စိတ်ပျက်နေတဲ့ ကစားသမားတွေနဲ့ အသင်းကို လိုက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက်လည်း အကူအညီမဖြစ်ပါဘူး။ ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂယ်ရီအိုနေးလ်က “ကျွန်တော်တို့အပေါ်ဆန့်ကျင်မှုတွေ ဆက်တိုက်ဖြစ်နေတာ ကံဆိုးပါတယ်။ ဒါပေမယ့် ဒီပွဲမှာချမှတ်ခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကလည်း မှာယွင်းမှုတွေရှိနေပါတယ်။ ကျွန်တော်နဲ့ ကွင်းလယ်ဒိုင်အကြားမှာ လူကြီးလူကောင်းဆန်တဲ့ စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ကျွန်တော် တည်ငြိမ်အောင်လည်း ကြိုးစားခဲ့ပါတယ်။ ဘယ်သူ့ကိုမှဒေါသထွက်နေတာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ကျွန်တော်တို့ပြောခဲ့တာက ၆ မှတ် ၇ မှတ်လောက်အလဟသတ်ဆုံးရှုံးခဲ့ရတာကြောင့် ကျွန်တော့်ရဲ့မကျေနပ်မှုကို သိစေချင်ကြောင်းပါပဲ။ ကျွန်တော်က ဘောလုံးအသင်းကြီး တစ်သင်းကို စီမံခန့်ခွဲနေရတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ ကလပ်တိုးတက်မှုအတွက် လုပ်ရမှာတွေရှိနေပါတယ်။ နည်းပညာတွေအများကြီး သုံးထားတဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုမှာ အခုလို မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေက မရှိသင့်ပါဘူး။ VAR ရဲ့ဆုံးဖြတ်ချက်ကို အမြဲတမ်းထောက်ခံခဲ့ပေမယ့် ဒီနေ့မှာတော့ ပြဿနာရှိလာပြီလို့ထင်ပါတယ်။ VAR ကကျွန်တော်တို့ကို ကူညီနေတယ်လို့ ထင်ခဲ့ပေမယ့် ဒီညမှာတော့ ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲကိုပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားကတော့ “ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ရှုံးပွဲတွေကနေ ရုန်းကန်ပြီးတိုးထွက်လာနိုင်လို့ပါ။ ဒါပေမယ့် လွယ်လွယ်ကူကူအနိုင်ရရှိခဲ့တာမဟုတ်ဘဲ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့နဲ့အသားမကျသေးပါဘူး။ အသင်းရဲ့ အရည်အသွေး၊ ပြင်းထန်မှုနဲ့ အရှိန်အဟုန်တွေကို မြင်ချင်ခဲ့ပါတယ်။ ကျွန်တော်တို့က နိုင်လိုစိတ်ပြင်းထန်မှုကို ပြသနိုင်ခဲ့ပါတယ်။ ယေဘုယျအားဖြင့် ၂ သင်းစလုံးအတွက် ဘက်ညီတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကို ဝုဗ်ကို အနိုင်ရရှိဖို့ အမြဲတမ်းကြိုးစားအားထုတ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#ဝုဗ် #ဖူလ်ဟမ် #ပရီးမီးယားလိဂ် #အိုနေးလ်