ရှေ့သို့
Image

အာနိုးလ်ဟာ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုလိုက်တဲ့ လီဗာပူး ကပ္ပတိန်ဗန်ဒိုက်

12:43 PM, 27 November

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က သူ့ရဲ့အသင်းဖော်ဟာ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်တယ်လို့ ပြောဆိုရင်း အာနိုးလ်ရဲ့ အကောင်းဆုံးနေရာနဲ့ ပတ်သက်လို့ ငြင်းခုံမှုတွေဆီ ဝင်ရောက်လာကာ အချေအတင် ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ အာနိုးလ်က သူပိုင်ဆိုင်ထားတဲ့ တိုက်စစ်စွမ်းဆောင်ရည်ကောင်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အသက်-၂၅ နှစ်အရွယ်ညာနောက်ခံလူက မန်စီးတီးအတွက် ပုံစံကောင်းပြသနေတဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမားဒိုကူနဲ့ ခံစစ်ကစားနေချိန်တွေမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်အတွင်း လီဗာပူးညာနောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ အံဝင်ခွင်ကျဖြစ်နိုင်မလဲဆိုတဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာပြီးနောက် လက်ရှိအချိန်ဟာ အာနိုးလ်အတွက် ပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့ပါတယ်။

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က “အခုဘောလုံးရာသီ၊ ဒိုကူကို တစ်ဦးချင်းထိပ်တိုက်ရင်ဆိုင်ကစားရတာဟာ နောက်ခံလူတစ်ဦးအတွက်တော့ ခက်ခဲစေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒိုကူက ဘောလုံးနဲ့အတူ ပြိုင်ဘက်ကိုကျော်ဖြတ်တဲ့နေရာမှာ အရမ်းကောင်းတဲ့ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အာနိုးလ်မှာ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ရှိခဲ့တယ်လို့ ကျွန်တော် မယူဆမိပါဘူး။ ဒါကပဲ မန်စီးတီးနဲ့ရင်ဆိုင်ရချိန် ခံစစ်ကို ဘယ်လိုကစားရမလဲဆိုတာနဲ့ နှစ်ယောက်တစ်ယောက်ရင်ဆိုင်ရတဲ့ အခြေအနေတွေကို ဖန်တီးသွားနိုင်ဖို့ ကြိုးစားရတယ်ဆိုတာကို ပြသနေပါတယ်။ အဆုံးမှာ အာနိုးလ်က ချေပဂိုးပါ သွင်းယူပေးနိုင်ခဲ့လို့ သူ့အတွက် ကျွန်တော် ကျေနပ်အားရမိပါတယ်။ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း အာနိုးလ်က အသင်းရဲ့ခံစစ်ပိုင်းကို အများကြီး ပံ့ပိုးပေးထားနိုင်သလို သူ ပိုင်ဆိုင်ထားတဲ့ အထူးစပါယ်ရှယ်စွမ်းရည်တွေကိုလည်း အကောင်းဆုံးပြသထားပါတယ်။ ဒါကြောင့် အာနိုးလ်မှာ ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်တွေ ရှိနေပါတယ်။ သူ့အတွက် သူကိုယ်တိုင်ချမှတ်ထားတဲ့ အမြင့်ဆုံးစံနှုန်းတွေကို ဆက်ထိန်းထားပြီး တိုးတက်လာအောင် အခုလုပ်နေတဲ့အရာတွေကိုပဲ ဆက်လုပ်သွားရပါမယ်။ သူ့အတွက် ကျွန်တော်တို့အားလုံးလည်း ရှိနေပေးပါတယ်”လို့ ပြောပါတယ်။

အာနိုးလ်က သမားရိုးကျတိုက်စစ်အားသန်ခံစစ်အစွန်လူအဖြစ် ကစားရုံသာမက hybrid ကွင်းလယ်ခံစစ်ကစားသမားနေရာအထိပါ နေရာယူကစားနိုင်တာကို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မြင်တွေ့ထားခဲ့ရပါတယ်။ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ရင်ဆိုင်ရတဲ့ လတ်တလောအင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေမှာလည်း အာနိုးလ်က ကွင်းလယ်ပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ အခြေခံအားဖြင့် အာနိုးလ်ရဲ့ အကောင်းဆုံးနေရာဟာ ဘယ်မှာလဲဆိုတာ မသိပါဘူးလို့ ဝန်ခံပြောဆိုပါတယ်။

လီဗာပူးဗဟိုခံစစ်မှူးက “ကျွန်တော်လည်း မသိပါဘူး။ ဒါက အာနိုးလ်နဲ့အတူ အလုပ်တွဲလုပ်တဲ့ နည်းပြတွေအတွက်ပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ သူ အကောင်းဆုံးကစားနေတယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ သူ့မှာ အသင်းနဲ့အတူ လွတ်လွတ်လပ်လပ်လိုက်ပါကစားခွင့် ရှိနေပါတယ်။ ဒါကို သူလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခါတလေ အသင်းလိုက်ကစားနေတာကို မြင်လို့ လုပ်ရတာမျိုးဆိုတော့ တောင်ပံမှ အတွင်းဆီ ဝင်ကစားတာမျိုးကိုလည်း အလိုက်သင့်လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက သူ့အတွက် ကောင်းမွန်တဲ့ သင်ယူမှုလမ်းကြောင်းတစ်ခုလို့ ကျွန်တော် ယူဆမိပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ တောင်ပံကစားသမားတွေအနက် တစ်ဦးကို သိသိသာသာယှဉ်ပြိုင်ကစားနေခဲ့လို့ ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်မှာလည်း အာနိုးလ်က ဒီကစားပုံအတိုင်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

စနေနေ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးဟာ အမှတ်ပေးချန်ပီယံဆုအတွက် ရေပန်းအစားဆုံးမန်စီးတီးနဲ့ တစ်မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း လိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်ရေး ပျက်ကွက်မှုအတွက် စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရပြီးနောက် ဗန်ဒိုက်က လီဗာပူးဟာ ဒီတစ်ကြိမ်မှာတော့ မန်စီးတီးကို အနီးကပ်စိန်ခေါ်နိုင်အောင် ကြိုးစားလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဒတ်ချ်နောက်ခံလူက “ကျွန်တော်တို့ ယှဉ်ပြိုင်နေတဲ့အရာရာတိုင်းအတွက် စိန်ခေါ်နိုင်စွမ်းရှိချင်တာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီနှစ်မှာလည်း ကျွန်တော်တို့ တသမတ်တည်းပဲ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပျောက်ဆုံးခဲ့တဲ့ အရာအချို့ပေါ့။ ဒါပေမယ့် အခုမှ နိုဝင်ဘာလပဲ ရှိပါသေးတယ်။ လာမယ့်ကာလတွေမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အချိန်တွေ၊ ခက်ခဲတဲ့ပွဲစဉ်တွေ ရှိလာနိုင်ပါတယ်။ ဘာမဆိုဖြစ်လာနိုင်ပေမယ့် ဒဏ်ရာပြဿနာတွေသာ အများကြီးမရှိလာဘူူးဆိုရင် ယုံကြည်မှုအပြည့်နဲ့ အရာအားလုံးအတွက် ပေးဆပ်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။

#လီဗာပူး #ဗန်ဒိုက် #အာနိုးလ် #ပရီးမီးယားလိဂ်