ရှေ့သို့
Image

ပေါင်သန်း ၁၀၀ ကျော်တန် အိုဆီမန်ကို ဇန်နဝါရီ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ဖွယ်ရှိနေတဲ့ ချဲလ်ဆီး

10:19 AM, 27 November

ချဲလ်ဆီးအသင်းဟာ ဗစ်တာအိုဆီမန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်တော့မှာဖြစ်ပြီး နာပိုလီတိုက်စစ်မှူးကလည်း စတန်းဖို့်ဒ်ဘရစ်ချ်ထံ ပြောင်းလာချင်နေတယ်လို့ သိရပါတယ်။

အိုဆီမန်ဟာ ယမန်နှစ်ရာသီက နာပိုလီမှာ ပြိုင်ပွဲစုံ ၃၁ဂိုးသွင်းကာ စီးရီးအေဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သလို ဒီနှစ်ရာသီမှာလည်း ပုံစံကောင်းရနေပါတယ်။ ယခုအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ၂၄နှစ်သားကို တိုက်စစ်မှူးနေရာအတွက် အလိုရှိနေကြောင်း Telegraphက ဖော်ပြခဲ့ပါတယ်။

နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်ကတော့ အိုဆီမန်ကို လိုချင်ရင် ပေါင် သန်း၁၀၀အထက် တောင်းဆိုသွားဖွယ်ရှိနေတာကြောင့် ဇန်နဝါရီမှာ ခေါ်ယူချင်တယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ ဈေးကြီးပေးရဖို့ရှိနေပါတယ်။ ဒါပေမယ့် အန်ကွန်ကူက ဒဏ်ရာကနေ ပြန်သက်သာလာစဖြစ်သလို၊ ဂျက်ဆန်နဲ့ ဘရိုဂျာတို့ကလည်း အရမ်းကြီး အားကိုးရတာမျိုး မရှိတာကြောင့် ချဲလ်ဆီးအနေနဲ့ ထိပ်သီးလေးသင်းထဲ ဝင်နိုင်ဖို့ နိုင်ဂျီရီးယားသားကို ပစ်မှတ်ထားလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နည်းပြ ပိုချက်တီနိုဟာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေပြီး အိုဆီမန်က အဓိကပစ်မှတ်တစ်ခု ဖြစ်နေပါတယ်။
နာပိုလီဘက်ကတော့ အဓိကတိုက်စစ်မှူးကို လာမယ့်နှစ်နွေရာသီအထိ ဆက်ထိန်းထားချင်ပြီး Evening Standardရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ သူတို့ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့အစီအစဉ်ကို ဒီဇင်ဘာလလယ်မှသာ အပြီးသတ်နိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် အိုဆီမန်ရဲ့ နာပိုလီနဲ့ အနာဂတ်ဟာ မရေရာတော့ဘဲ ကလပ်၊ ပရိသတ်တွေနဲ့ ဆက်ဆံရေးဆိုးရွားလျက်ရှိနေပါတယ်။ စက်တင်ဘာလတုန်းကလည်း ကလပ်က TikTokမှာ တင်လိုက်တဲ့ အငြင်းပွားဖွယ် ဗီဒီယိုနှစ်ခုကြောင့် ဆက်ဆံရေးအခြေအနေ ဆိုးရွားခဲ့ပါသေးတယ်။

အိုဆီမန်ဟာ လက်ရှိမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး နာပိုလီအတွက် ၁၂ပွဲသာ ပါဝင်ခွင့်ရခဲ့ပေမယ့် ခုနှစ်ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

#စီးရီးအေ #ချဲလ်ဆီး #နာပိုလီ #အိုဆီမန်