ရှေ့သို့
Image

နယူးကာဆယ်နဲ့ပွဲက အနီကတ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ရီစီဂျိမ်းစ်

10:12 AM, 27 November

စနေနေ့က နယူးကာဆယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း အနီကတ်ထိခဲ့တာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးစတား ရီစီဂျိမ်းစ်တစ်ယောက် ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညတုန်းက စိန့်ခ်ဂျိမ်းပါ့ခ်မှာ နယူးကာဆယ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၁၀ မှတ်အကွာ အဆင့် ၁၀ နေရာအထိ ကျဆင်းခဲ့ပါတယ်။

စတာလင်ချေပဂိုး မသွင်းခင် အီဆက်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ကာ အဲ့နောက် လက်ဆဲလက်စ် ၊ ဂျိုလင်တန်တို့ရဲ့ ဂိုးတွေနဲ့ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် ဒုတိယအဝါကတ်နဲ့အထုတ်ခံရချိန်မှာတော့ ချဲလ်ဆီးအသင်း ပြန်လာနိုင်ဖို့အခွင့်အရေးမရှိတော့ပဲ ဂေါ်ဒွန်က ၄ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်သားဟာ အဝါကတ် ၂ ကတ်လုံးကို ရှောင်ရှားနိုင်ဖို့အခွင့်အရေးရှိပေမယ့် ဂေါ်ဒွန်ဟာ ချဲလ်ဆီးအသင်းခေါင်းဆောင်ကို တစ်လျှောက်လုံးဒုက္ခပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ အဆိုပါအနီကတ်ကြောင့် လာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ဘရိုက်တန်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

“ဒီနေ့ကျွန်တော့်အနီကတ်အတွက် ကျွန်တော်တာဝန်အပြည့်ယူပါတယ်။ မဖြစ်သင့်တဲ့အမှား ၂ ခုကနေ အနီကတ်ထိခဲ့တာပါ။ နောက်ထပ်သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ ကျွန်တော့်ပရိသတ်တွေ နဲ့ အသင်းဖော်တွေကို တောင်းပန်ချင်ပါတယ်။ ဒီနေ့စွမ်းဆောင်ရည်က ကျွန်တော်တို့ အဆင့်အတန်းထက် နိမ့်ပါးခဲ့ပါတယ်။ ဒါပေမယ့်ဒီပွဲတစ်ခုတည်းနဲ့ ကျွန်တော်တို့အရည်အချင်းကို သတ်မှတ်လို့မရပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့ အများကြီးတိုးတက်လာခဲ့ပြီး ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရာမှာလည်း တိုးတက်တာတွေရှိပါတယ်။ လာမယ့်အပတ်မှာ ကျွန်တော်တို့ ပြန်လာပါမယ်”လို့ ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။


ဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ပွဲတော်တော်များများကိုလွဲချော်ခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာ ဂတ်စ်တိုအခြေအနေကလည်း မသေချာသေးတာကြောင့် အင်္ဂလန်သားမပါဝင်နိုင်မယ့် အနေအထားဟာ ပိုချက်တီနိုအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။

ပိုချက်တီနိုကတော့ ပွဲအပြီးမှာ “စိတ်ပျက်စရာပါ။ ဒီလိုအရာမျိုးက ဘောလုံးပွဲတွေမှာဖြစ်တတ်ပါတယ်။ ဒါပေါ့ စိတ်ပျက်စရာမှန်ပေမယ့် ကျွန်တော်တို့ ကစားသမားအခြေအနေကို ကြည့်ရပါမယ်။ ဒါပေမယ့် အဲ့တာကဖြစ်ခဲ့ပြီးပြီဖြစ်တာကြောင့် လက်ခံဖို့ လိုအပ်ပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ်