ရှေ့သို့
Image

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြုလုပ်ခဲ့မိတဲ့အမှားနဲ့ပတ်သက်ပြီး ‌တောင်းပန်စကားဆိုလိုက်တဲ့ သီယာဂိုဆေးလ်ဗား

1:53 PM, 26 November

ယမန်နေ့ညက နယူးကာဆယ်ကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပြုလုပ်ခဲ့မိတဲ့အမှားနဲ့ပတ်သက်ပြီးချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက ပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်ကို သူတင်ကိုယ်တင်ကန်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးပေးလိုက်သော်လည်း အသင်းရဲ့တောင်ပံကစားသမား ရာဟင်စတာလင်က ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းပြီး ပြန်လည်ချေပပေးခဲ့ပါတယ်။ သို့သော် ဒုတိယပိုင်းမှာတော့ အိမ်ရှင်နယူးကာဆယ်က ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းက အခွင့်အရေးဖန်တီးမှုနည်းပါးခဲ့တာဖြစ်ပါတယ်။


ဂေါ်ဒွန်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် လက်ဆဲလက်စ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူပြီးနောက်ပိုင်းမှာ ချဲလ်ဆီးအသင်း ပုံစံပျက်သွားခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်မိနစ်အကြာမှာပဲ သီယာဂိုဆေးလ်ဗားရဲ့အမှားမှတစ်ဆင့် ဂျိုလင်တန်က နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြန်လာနိုင်ဖို့မျှော်လင့်ချက်နည်းသွားတဲ့ချဲလ်ဆီးဟာ ဦးဆောင်ဂိုး ၂ ဂိုးခွင့်ပြုရပြီး သိပ်မကြာခင်မှာပဲ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် မျှော်လင့်ချက်လုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နယူးကာဆယ်ကပဲပွဲကို ထိန်းချုပ်ကစားသွားပြီး ဂေါ်ဒွန်ရဲ့ သပ်ရပ်တဲ့ပွဲသိမ်းဂိုးနဲ့အတူ ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် ပွဲအပြီးမှာ အသက်-၃၉ နှစ်အရွယ် ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက အင်စတာဂရမ်မှတစ်ဆင့် "ပရိသတ်တွေကို ကျွန်တော်စိတ်ပျက်စေခဲ့မိပါတယ်။ ဒီနေ့က ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့နေ့တစ်နေ့မဟုတ်ခဲ့ပါဘူး။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး အသင်းဖော်တွေ၊ ချဲလ်ဆီးပရိသတ်တွေနဲ့ကျွန်တော့်ကို အားပေးနေတဲ့လူတိုင်းကို တောင်းပန်ပါတယ်။ ကျွန်တော့်အဲ့အပြစ်ကို ကျွန်တော်တာဝန်ယူပါတယ်။ အသန်မာဆုံးခွန်အားတွေနဲ့အတူ ပြန်လာခဲ့ပါမယ်" လို့ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။


အသင်းနည်းပြပိုချက်တီနိုကတော့ ယခုလိုရှုံးနိမ့်ခဲ့တာဟာ တစ်ဦးချင်းမှားယွင်းမှုတွေကြောင့်မဟုတ်ဘဲ အသင်းလိုက် ကစားပုံပျော့ညံ့ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ‌၎င်းက "ကျွန်တော်တို့ အမှားတွေရှိခဲ့ပါတယ်။ အထူးသဖြင့် အသင်းလိုက် စွမ်းရည်ပါ။ ကျွန်တော်တို့ဟာ ဒီပွဲကိုကစားဖို့အကောင်းဆုံး မပြင်ဆင်လာနိုင်ခဲ့ပါဘူး။ ကျွန်တော်စိုးရိမ်တာ ဒီအချက်ပါ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်ပြီလို့ထင်ခဲ့ပေမယ့် မဟုတ်ခဲ့ပါဘူး။ နယူးကာဆယ်က ကျွန်တော်တို့ကို လွယ်လွယ်ပဲအနိုင်ယူခဲ့တာပါ။ ဂိုးတွေကိုလည်း လွယ်လွယ်ပဲ ခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော်တို့ပုံစံက အရမ်းပျော့ညံ့‌နေခဲ့ပြီး ဘာတွေအတွက်ကစားနေတယ်ဆိုတာကိုတောင် သိနေတဲ့ပုံမပေါ်ပါဘူး။ အသင်းရဲ့ပျော့ညံ့မှုကို ဒေါသထွက်မိပါတယ်။  တော့တင်ဟမ်၊ မန်စီးတီးတို့ကို ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ကစားပုံက တစ်ကမ္ဘာလုံးက ချီးကျူးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ ကွဲပြားခြားနားခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်းမယှဉ်ပြိုင်နိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #သီယာဂို ဆေးလ်ဗား #ပရီးမီးယားလိဂ်