ရှေ့သို့
Image

ဘာစီလိုနာမှာ အနာဂတ်မရေရာတဲ့ ရာဖင်ဟာကို ခေါ်ယူရန် စိတ်ဝင်စားမှုပြသလာတဲ့ တော့တင်ဟမ်

12:57 PM, 25 November

အဓိက တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ရောင်းချထားခဲ့ရပေမဲ့ နည်းပြ ပိုစတီကိုဂလူရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ရာသီအစမှာ နိုင်ပွဲတွေဆက်ကာ အဖွင့်လှနေတဲ့ တော့တင်ဟမ်အသင်းက တိုက်စစ်ဖြည့်တင်းတဲ့အနေဖြင့် ပရီးမီယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူရန် စိတ်ဝင်စားမှုပြသလာတာပဲ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ ဘရာဇီးစတားအနေဖြင့် ပြီးခဲ့တဲ့နှစ်ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး နည်းပြ ဇာဗီရဲ့ ကစားသမား စာရင်းတွင် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင် အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမား အနေဖြင့် ခြေစွမ်းပိုင်း ကောင်းမွန်နေပေမဲ့ ယခုနှစ်ဘောလုံးရာသီအတွင်း လာလီဂါ ၉ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲ ဖြင့် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရထားတာလည်း ဖြစ်ပါတယ်။

ကစားသမားရဲ့ စွမ်းဆောင်ရည်ပိုင်းက အကျိုးသက်ရောက်မှုကောင်းမွန်ပေမဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ပြေလျော့စေရန် လုပ်ဆောင်နေတဲ့ ဘာစီလိုနာအသင်းက ရာဖင်ဟာကို ရာသီကုန်တွင် ရောင်းချလာနိုင်တာ ဖြစ်ပါတယ်။
အခြားတစ်ဖက်တွင်လည်း ကမ္ဘာကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ တော့တင်ဟမ်အသင်းက အလားအလားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသက် ၁၆နှစ်အရွယ် ခရိုအေရှား ဗဟိုနောက်တန်းကစားသမားကို ခေါ်ယူနိုင်ရန် သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပအခြေစိုက် သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြလာချက်အရ ရာသီကုန်တွင် ရာဖင်ဟာကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းအတော်များများရှိနေပေမဲ့ နည်းပြ ပိုစတီကိုဂလူရဲ့တော့တင်ဟမ်အသင်းက လက်ဦးမှုရယူကာ အပြောင်းအရွှေ့လုပ်ဆောင်ရန် စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #တော့တင်ဟမ် #ရာဖင်ဟာ