ရှေ့သို့
Image

ယူနိုက်တက်မှ ဗာရာနီထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ တန်ဟက်

12:39 PM, 25 November

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က နောက်ခံလူ ရာဖေးလ်ဗာရာနီရဲ့ အသင်းနဲ့အဆင်မပြေမှုကြောင့် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေကို မဟုတ်မမှန်ကြောင်း ငြင်းဆိုလာခဲ့ပါတယ်။ အသက်-၃၀ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်ရဲ့နောက်ဆုံး ၈ ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့တာကြောင့် အသင်းမှာမပျော်မရွှင်ဖြစ်နေပြီး လာမယ့်ဇန်နဝါရီမှာထွက်ခွာဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ မကြာသေးမီက သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဂျေဒန်ဆန်ချိုတို့နဲ့ အကွဲအပြဲဇာတ်လမ်းတွေ ရှိခဲ့တာကြောင့် ပရိသတ်တွေဟာ ဗာရာနီရဲ့ပွဲထွက်ခွင့်မရရှိမှုအပေါ်ကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ တန်ဟက်က နောက်ခံလူကိုပွဲမထုတ်ခြင်းမှာ အသင်းရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာလုပွဲကြောင့်သာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးလာခဲ့ပါတယ်။

ယမန်နေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီးတန်ဟက်က “ခင်ဗျားတို့ဘာတွေပြောနေတာလဲတော့ ကျွန်တော်မသိဘူး။ အဲဒါတွေက ကောလာဟလတွေပါ။ သူက အသင်းအတွက်အရေးပါတဲ့ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့က ထိပ်တန်း အသင်းတစ်သင်းဖြစ်တာကြောင့် အသင်းရဲ့အတွင်းပိုင်းမှာတော့ နေရာအတွက်ပြိုင်ဆိုင်မှုတွေရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာတော့ တန်ဟက်ရဲ့အသင်းဟာ အဲဗာတန်ကို ဂူဆင်ပါ့ခ်မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ကြုံတွေ့ရဖို့ရှိနေပါတယ်။ ယခုပွဲစဉ်ကို ကြွက်သားဒဏ်ရာကြောင့် ၃ လကြာ အနားယူခဲ့ရတဲ့ အဓိကဘယ်နောက်ခံလူ လုခ်ရှောပါဝင်လာနိုင်ဖွယ်ရှိနေပြီး နောက်ကျောဒဏ်ရာကြောင့် ကင်မရွန်း လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ရတဲ့ အိုနာနာအနေနဲ့လည်း ကြံ့ခိုင်မှုပြည့်ဝလာတာကြောင့် ပါဝင်လာဖို့များနေပါတယ်။

သို့သော် ဂျွန်နီအီဗန်စ်၊ ဟွိုက်လန်းနဲ့ မေဆင်မောင့်တို့ကတော့ ဒဏ်ရာပြဿနာအသီးသီးကြောင့် နောက်ကျစစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။ တန်ဟက်က “အိုနာနာက အဆင်ပြေပါတယ်။ သူဒီနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အခြေအနေကောင်းတယ်။ ဟွိုက်လန်းကတော့ လေ့ကျင့်ရေးဆင်းနေပေမယ့် ပါဝင်နိုင်ဖို့ရှိမရှိကို မနက်ဖြန်မှပဲ အတည်ပြုသွားမှာပါ။ လုခ်ရှောကတော့ ဒီပွဲမှာပါဝင်လာမှာပါ။ အီဗန်စ်ကကတော့ အဆင်သင့်မဖြစ်သေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ကိုပင်ဟေဂင်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ မားကက်ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်းမရှိမရှိကို အဆုံးအဖြတ်ပေးလာနိုင်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာတော့ ပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။ သို့သော် အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ လာမယ့် အင်္ဂါနေ့မှာကစားမယ့် ဂါလာတာစာရေးနဲ့ပွဲစဉ်ကိုတော့ လွဲချော်သွားမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ရက်ရှ်ဖို့ဒ်ဟာ တိုက်ရိုက် အနီကတ်ပြသခံခဲ့ရသော်လည်း တစ်ပွဲပယ်ပြစ်ဒဏ်ကိုသာ ခံယူခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ ၁၆ ပွဲကစားထားပြီး ၁ ဂိုးသာသွင်းယူထားနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ #ဗာရာနီ #ရက်ရှ်ဖို့ဒ် #ပရီးမီးယားလိဂ်