ရှေ့သို့
Image

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အပြီးမှာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူမယ်လို့ ကြေညာလိုက်တဲ့ ဒီမာရီယာ

3:42 PM, 24 November

အာဂျင်တီးနားဝါရင့်တောင်ပံကစားသမား ဒီမာရီယာက သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကို ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အပြီးမှာ အဆုံးသတ်သွားမယ်လို့ ယမန်နေ့(ကြာသပတေးနေ့)မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီမာရီယာက ဘရာဇီးအသင်းကို မာရာကာနာကွင်းအတွင်း အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား (တောင်အမေရိကဇုန်)ခြေစစ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအစား လူစားဝင်ကစားခဲ့ပါတယ်။

ယခင်တုန်းကလည်း ဒီမာရီယာက မာရာကာနာ ကွင်းအတွင်း ဘရာဇီးကိုပဲ အနိုင်ရရှိခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးကာ သူ့ရဲ့တိုင်းပြည်အတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူပေးခဲ့ဖူးပါတယ်။ စကာလိုနီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းရဲ့ ကစားသမားအဖြစ် ဝါရင့်ကစားသမားက ကာတာမှာ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒီမာရီယာက “ဘရာဇီးကို အနိုင်ရရှိခဲ့လို့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘယ်လောက်အထိ လှုပ်ရှားနေသလဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး။ ကျွန်တော်က အသင်းဖော်တွေရဲ့ ချစ်ခြင်းမေတ္တာကို အချိန်တိုင်းခံစားနေရပါတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ သူတို့တွေ မပါဝင်ဘဲနဲ့တော့ ဒီနေ့လိုအောင်မြင်မှုမျိုး ရရှိလာမှာ မဟုတ်ပါဘူး။ အဲ့ဒီလို ချစ်ခြင်းမေတ္တာတွေကပဲ ဒီနေ့မှာရှိနေတဲ့ ဒီမာရီယာကို ဖြစ်တည်လာစေခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီနေ့၊ ကွင်းတွင်းမှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကိုတော့ ကျွန်တော်တို့ လက်ခံပေးလိုက်လို့ မရပါဘူး။ ဘယ်သူကမှ ဒီလိုရိုက်နှက်ခံရတာတွေ၊ ကုသခံနေရတာတွေနဲ့ မထိုက်တန်ပါဘူး။ ပွဲစဉ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရှုရမယ့်နေရာတစ်ခုဖြစ်တဲ့ ဘောလုံးကွင်းတစ်ခုရဲ့ အလယ်မှာ မိသားစုတွေနဲ့ ကလေးငယ်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါမျိုးတွေ ထပ်မဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။ ကစားသမားတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့ပရိသတ်တွေကို အမြဲတမ်း ကာကွယ်ပေးသွားရပါလိမ့်မယ်”

“လာမယ့်ကိုပါအမေရိကပြိုင်ပွဲကတော့ ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ နာကျင်ဆို့နင့်မှုတွေနဲ့အတူ ပြောကြားချင်ပါတယ်။ ကျွန်တော့်ကစားသမားဘဝမှာ ဂုဏ်အယူရဆုံးဖြစ်တဲ့ အလှပဆုံးအရာကို ဝတ်ဆင်ခွင့်ရရှိခြင်းအပေါ် နှုတ်ဆက်ရတော့မယ်လို့ပဲ ပြောချင်ပါတယ်။ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ရဲ့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်၊ သူငယ်ချင်းတွေနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ သမိုင်းသစ် ဆက်ဖန်တီးကြပါစို့”လို့ လူမှုကွန်ရက်မှတဆင့် အတည်ပြု ပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

အသက်-၃၅ နှစ်အရွယ် ဘင်ဖီကာ ကစားသမားက အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၁၃၆ ပွဲကစား၊ ၂၉ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
#ဒီမာရီယာ #အာဂျင်တီးနား #ကိုပါအမေရိက