ဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူဖို့ စောစောစီးစီးဆုံးဖြတ်ချက်ချလိုက်တဲ့ အာဆင်နယ်
2:35 PM, 24 November
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ယခုအခါမှာ အပြီးသတ်ခေါ်ယူဖို့ စောစောစီးစီးဆုံးဖြတ်လိုက်ပြီလို့သိရပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ အာဆင်နယ်ကို ဘဏ္ဍာရေးချိုးဖောက်မှုမှကင်းလွတ်စေရန် ရာသီကုန်မှသာ ကစားသမားကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ရောင်းချမယ့် သဘောတူညီချက် အငှားစာချုပ်မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ အခုမှာတော့ အာတီတာက အဆိုပါသဘောတူညီချက်ကို အပြီးသတ်လက်ခံဖို့ စောစောစီးစီးဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အသက်-၂၈ နှစ်အရွယ်ဂိုးသမားဟာ ၎င်းရဲ့အာဆင်နယ် ကစားသမားဘဝကို အကောင်းမွန်ဆုံး လက်စွမ်းတွေနဲ့ စတင်နိုင်ခဲ့ပြီး အာဆင်နယ်ရဲ့နံပါတ်တစ်ဂိုးသမား အာရွန် ရမ်စ်ဒေးကိုကျော်ဖြတ်ကာ အဓိကဂိုးသမားနေရာပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ရာယာဟာ ၎င်းရဲ့မိခင်ကလပ် ဘရန့်ဖို့ဒ်နဲ့ပြန်လည် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကြံ့ခိုင်မှုမပြည့်ဝပါက ၎င်းအစား ရမ်စ်ဒေးက ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။ တကယ်လို့ရမ်စ်ဒေးသာ ယခုပွဲစဉ်မှာပါဝင်နိုင်ခဲ့မယ်ဆိုရင် စက်တင်ဘာလ ၃ ရက်နေ့နောက်ပိုင်း ၎င်းရဲ့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်လာမှာပါ။
အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းကတော့ ရမ်စ်ဒေးဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေတာကြောင့် ယခုပွဲမှာ ပွဲထွက်ခွင့်ရရှိမယ်ဆိုပါက ဂိုးသမားအနေနဲ့ အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်မယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက “တကယ်လို့ အာရွန်က အာဆင်နယ်မှာ လုံလုံလောက်လောက် မကစားရဘူးဆိုရင် သူ့ရဲ့အင်္ဂလန်လက်ရွေးစင် ဂိုးသမားရာထူးကိုလည်း ထိခိုက်လာနိုင်ချေရှိပါတယ်။ ကျွန်တော်ထင်တာမှန်မယ်ဆိုရင် လာမယ့်ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အာရွန်က ပွဲထွက်သွားပါလိမ့်မယ်။ ရာယာကတော့ ဘရန့်ဖို့ဒ်ကနေ အငှားနဲ့ ရောက်ရှိလာတာဆိုတော့ ဒီပွဲမှာ ပါဝင်လာဖို့မရှိပါဘူး။ ဒါကြောင့် အာရွန်ကစားရမယ်။ အခွင့်အရေးယူရမယ်။ ပြီးတော့ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ ဒီပွဲမှာ အာရွန်ပါဝင်လာပြီး နောက်ပွဲမှာတော့ ပွဲထုတ်မခံရဘူးဆိုရင် အာတီတာရဲ့နံပါတ် ၁ ဂိုးသမားက ဘယ်သူလဲဆိုတာ ကျွန်တော်တို့သိသင့်ပါပြီ။ ဒါကအာရွန်အတွက်မကောင်းပါဘူး။ သူကထိပ်တန်း ဂိုးသမားတစ်ယောက်ပါ။ ဒါနဲ့ပတ်သက်ပြီး လုံးဝသံသယမရှိပါဘူး။ အာတီတော့ တကယ်ကောင်းတဲ့ဂိုးသမား ၂ ယောက်ကိုပျော်အောင်ထားနေရတာနဲ့တင် အလုပ်ရှုပ်နေလောက်ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆီးမန်းက “အခုချိန်မှာ အာရွန်အနေနဲ့ ပွဲတွေများများစားစားကစားရဖို့ လိုပါတယ်။ ဒါမှပဲ နောက်နှစ်နွေရာသီ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင် ဂိုးသမားအဖြစ်နေရာတစ်နေရာရရှိမှာပါ။ ဒါပေမယ့် လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ကတော့ စောလွန်းပါသေးတယ်။ ဒီအပတ်အပြီး လာမယ့်ပွဲစဉ်တွေက အာဆင်နယ်ဂိုးသမားတွေ အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒီအခါကျရင် အဖြေတွေအများကြီးကို တွေ့ရပါလိမ့်မယ်။ ရာယာကို ခေါ်လာတုန်းက အာတီတာ ပြောခဲ့တဲ့ ဂိုးသမားတွေကို အလှည့်ကျအသုံးပြုမှာဖြစ်တယ်ဆိုတဲ့ စကားကို နောက်အပတ်မှာ စောင့်ကြည့်ကြတာပေါ့။ အာရွန်က နံပါတ် ၂ နေရာနဲ့ လုံးဝမထိုက်တန်ဘဲ အရမ်းကောင်းလွန်းနေပါတယ်။ဒါက သံသယဖြစ်စရာကိုမလိုပါဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။