ရှေ့သို့
Image

အကောင်းဆုံးပုံစံ ပြန်ရရှိနေပြီလို့ မန်စီးတီးနဲ့ ပွဲစဉ်မတိုင်ခင် ကြွေးကြော်လိုက်တဲ့ ဗန်ဒိုက်

2:17 PM, 24 November

မနက်ဖြန်(စနေနေ့)ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် အနီရောင်တပ်သားတွေက မန်စီးတီးနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် လီဗာပူးနောက်ခံလူ ဗန်ဒိုက်က သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။

အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ မန်စီးတီးက လီဗာပူးထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး မနက်ဖြန်ပွဲစဉ်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မယ်ဆိုရင် လီဗာပူးတို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာပါလိမ့်မယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယာဂန်ကလော့ပ်ရဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကိုလည်း စောစောစီးစီးပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ဒါကြောင့် တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေက ဗန်ဒိုက်ဆီ ရောက်ရှိလာခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒတ်ချ်အသင်းခေါင်းဆောင်က သူ့ကိုယ်သူ အရေးပါတဲ့နေရာမှာ ရှိနေတယ်လို့ နောက်တစ်ကြိမ်ခံစားမိလာရကြောင်း ပြောဆိုလိုက်ပါတယ်။

အသက်-၃၂ နှစ်အရွယ်ကစားသမားက “ပြီးခဲ့တဲ့နှစ်မှာ အနိမ့်အမြင့် အတက်အကျတွေ မြင်တွေ့ခဲ့ရပြီး စွမ်းဆောင်ရည်ကောင်းတဲ့ပွဲရော၊ မကောင်းတဲ့ပွဲတွေပါ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် အမြင့်ဆုံးစံနှုန်းတစ်ခုအထိ သတ်မှတ်ထားတယ်ဆိုတာ မှန်ပါတယ်။ အဲ့ဒီစံနှုန်းကို ကျွန်တော်ကိုယ်တိုင် ချမှတ်ထားခဲ့ပြီး ဒီအတွက် ကျေနပ်မိပါတယ်။ ဒီလိုမဖြစ်လာဘူးဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပါပြီ။
ဒါပေမယ့် ကျွန်တော်က ကြံ့ခိုင်မှုပိုင်းမှာရော၊ စိတ်ဓါတ်ပိုင်းမှာပါ အကောင်းဆုံး အခိုက်အတန့်မှာ ရောက်ရှိနေပြီး ကိုယ့်ကိုကိုယ် အရေးပါမှုရှိတယ်လို့လည်း ခံစားမိပါတယ်။ ကျွန်တော်က အရမ်းကောင်းနေတယ်လို့ ခံစားမိတယ်ဆိုရုံသာဖြစ်ပြီး ဒါကို ဆက်ထိန်းသွားချင်ပါတယ်”

ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာကတော့ “ကျွန်တော့်ရဲ့ခံစားချက်၊ ကိုယ်နဲ့ပတ်သက်ပြီး ကိုယ့်အသင်းဖော်တွေရဲ့ ခံစားနားလည်မှုတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်နဲ့ပတ်သက်လို့ နည်းပြရဲ့ အမြင်ပေါ့။ ကိုယ်နဲ့ပတ်သက်လို့ အရမ်းကောင်းတယ်၊ အရမ်းညံ့တယ်ဆိုတဲ့ ပြင်ပမှလာတဲ့ ဆူညံသံတွေကို ခင်ဗျားကိုယ်တိုင်လည်း ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရာကတော့ ကျွန်တော်ဘယ်လိုကစားရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ကိုယ့်ရဲ့အကောင်းဆုံးပုံစံမှာ မရှိခဲ့ဘူးဆိုတာ ကျွန်တော်သိပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #မန်စီးတီး #ဗန်ဒိုက် #ပရီးမီးယားလိဂ်