ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေတဲ့ တိုမီယာဆုကို စာချုပ်သက်တမ်းတိုးမယ့် အာဆင်နယ်

8:43 AM, 24 November

အာဆင်နယ်အသင်းဟာ နောက်ခံလူ တိုမီယာဆုကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂျပန်သားဟာ ၂၀၂၃ - ၂၄ ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ဒီရာသီအာဆင်နယ်အသင်းကို ကူညီပေးနေတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ဒီရာသီခံစစ်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး တိုမီယာဆုရဲ့စာချုပ်သက်တမ်းက ၁၈ လသာကျန်တော့ပေမယ့် ၁ နှစ်ထပ်မံ သက်တမ်းတိုးခွင့်ပါရှိတာဖြစ်ပါတယ်။ အခုချိန်မှာတော့ တယ်လီဂရက်ဖ်သတင်းဌာနက အာဆင်နယ်ဟာ အသက် ၂၅ နှစ်သားကို ဘိုင်ယန်အသင်းဘက်က စိတ်ဝင်စားလာတာကြောင့် စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လအတွင်း အာဆင်နယ်ဟာ အဓိက ကစားသမားတော်တော်များများကို ထိန်းထားနိုင်ခဲ့ပြီး မာတီနယ်လီ ၊ ဆာကာ ၊ ဆာလီဘာ နဲ့ အိုဒီဂတ်တို့ကို သက်တမ်းတိုးထားနိုင်ခဲ့ပါတယ်။

တိုမီယာဆုဟာ ညာနောက်ခံလူနဲ့ ဗဟိုခံစစ်အပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အာတီတာက ဂျပန်သားကိုသဘောကျနေပါတယ်။

“ကျွန်တော် အမြဲတမ်းပြောသလို လက်ရှိအခိုက်အတန့်မှာ တိုမီရဲ့တည်ငြိမ်မှုရှိနေတယ်လို့ ယုံပါတယ်။ သူက ကျွန်တော်တို့အတွက် အလွန်ကိုအရေးပါတဲ့သူပါ။ သူအဆင်သင့်ဖြစ်နေသလို နောက်တန်းနေရာက ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ဘယ်လိုကစားကွက်နောက်တန်းမျိုးဖြစ်ဖြစ် သူက ကစားနိုင်ပါတယ်။ သူ့လိုကစားသမားမျိုး ကျွန်တော်တို့ဆီမှာ မရှိတော့ပါဘူး။ နောက်တန်းမှာ သူက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့အမြင် ၊ စည်းကမ်ပိုင်းလိုက်နာမှု နဲ့ အသုံးချမှုအပိုင်းက အဆင်ပြေသလို အခုချိန်မှာ သူ့အနေနဲ့ ပွဲတွေဆက်တိုက်ကစားနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်း အကောာင်းဆုံး အနေအထားမှာရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာက တိုမီကအကောင်းဆုံးပါ။ ကျွန်တော်တို့အတွက် သူက အရမ်းကိုမှ အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #တိုမီယာဆု #ဘိုင်ယန်မြူးနစ်