ရှေ့သို့
Image

အာဆင်နယ်ပရိသတ်တွေ မကြားလိုတဲ့ အံ့ဖွယ်စကားကို ထုတ်ပြောလာတဲ့ ဂျီးဆပ်စ်

4:21 PM, 23 November

အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်ကတော့ ဂိုးသွင်းယူခြင်းဆိုတဲ့အချက်ဟာ သူအားသန်တဲ့အရာ မဟုတ်ပါဘူးလို့ ဝန်ခံပြောကြားရင်း ဂန်းနားဖန်တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတဲ့ ဘရာဇီးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် ဂျီးဆပ်စ်က တိုက်စစ်မှူး တစ်ဦးအဖြစ် ကစားနေပေမယ့် ဂိုးသွင်းယူမှုအပိုင်းဟာ သူ့ရဲ့အကောင်းဆုံးစွမ်းရည်တစ်ခု မဟုတ်ဘူးလို့ ဝန်ခံပြောဆိုခဲ့တာပါ။ အော်တာမန်ဒီရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အဆုံးအဖြတ်ရလဒ်ဖြစ်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးရဲ့အသက်မဲ့တိုက်စစ်ပိုင်းအတွက် ဂျီးဆပ်စ်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားရဲ့ ဘရာဇီးအတွက် ဂိုးသွင်းမှတ်တမ်းက ၆၃ ပွဲကစား၊ ၁၉ ဂိုးမှာ ရပ်တည်နေပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့အားသာချက်တွေထဲမှာ ဂိုးသွင်းယူနိုင်ခြင်းဆိုတာ မပါဝင်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ပွဲစဉ်အပြီး ဂျီးဆပ်စ်က “ဂိုးတွေအများကြီးသွင်းယူဖို့ဆိုတာ မလွဲဧကန်တာဝန်ရှိပေမယ့် ဒါက ကျွန်တော်ရဲ့ အားအသာဆုံးကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ဂိုးလောက်သွင်းယူနိုင်ဖို့ပဲ ကစားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က လက်ရွေးစင်အသင်းမှာ ရှိနေတာပါ။ အဖန်ဖန်တလဲလဲ ဂိုးတွေ အများကြီးသွင်းယူတဲ့ကိစ္စကတော့ သဘာဝအလျောက် ဖြစ်သွားပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောပြပါတယ်။

ဒီလိုစကားမျိုးက တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေတဲ့ အာဆင်နယ်ပရိသတ်တွေ ကြားသိချင်တဲ့အရာမျိုး မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးမှ ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းဖြင့် ဂန်းနားတွေဆီ ရောက်ရှိလာတဲ့ တိုက်စစ်မှူးက အာဆင်နယ်ကစားသမားဘဝပွဲဦးထွက်ရာသီမှာ ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။

ဂျီးဆပ်စ်က ဘရာဇီးအသင်းအတွက်လည်း လေးနှစ်အတွင်း တစ်ဂိုးသာ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပြီးခဲ့တဲ့ဇွန်လအတွင်း တောင်ကိုရီးယားကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ခြေစမ်းပွဲစဉ်မှာ ရယူခဲ့တာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် တိုက်စစ်မှူးတွေကို လိုက်လံချိတ်ဆက်နေရတဲ့ အာဆင်နယ်အတွက် ဂျီးဆပ်စ်ရဲ့ ဂိုးသွင်းမှတ်တမ်းတွေက စိုးရိမ်မှုတွေကို တိုးပွားစေပါတယ်။

အာတီတာစောင့်ကြည့်နေတဲ့ကစားသမားတွေအနက် အိုင်ဗန်တိုနေးက ထိပ်ဆုံးမှ ပါဝင်နေပြီး ချဲလ်ဆီးကလည်း ဘရန့်ဖို့ဒ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လွန်ခဲ့တဲ့ ၁၂ လတာ ကာလအတွင်းမှာလည်း ဂျီးဆပ်စ်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရလို့ သူ့ရဲ့နေရာမှာ အန်ကတ်တီယာက အာဆင်နယ်အတွက် ပွဲထွက်ကစားပေးခဲ့ရပါတယ်။

အခုနွေရာသီမှာခေါ်ယူထားတဲ့ ကိုင်ဟားဗက်ဇ်က ဂျီးဆပ်စ်ရဲ့တိုက်စစ်မြှားဦးနေရာမှာ ကစားနိုင်စွမ်းရှိပေမယ့် ၁၉ ပွဲကစား၊ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့သွင်းဂိုးမှတ်တမ်းဟာ မက်လောက်စရာ မရှိတော့ပါဘူး။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်