ရှေ့သို့
Image

မက်ဆီကိုခေါ်ယူဖို့ ၁၀ ရက်ခန့်ကြိုးစားခဲ့ဖူးတယ်လို့ ဖွင့်ဟလာတဲ့ အေစီမီလန် နည်းစနစ်ဒါရိုက်ဟောင်း မာလ်ဒီနီ

3:09 PM, 23 November

အေစီမီလန်အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဂန္ထဝင်ကစားသမားဟောင်း ပေါ်လိုမာလ်ဒီနီက ၂၀၂၁ ခုနှစ်တုန်းက လီယွန်နယ်မက်ဆီကို အေစီမီလန်သို့ခေါ်ယူဖို့ ၁၀ ရက်ခန့် ကြိုးစားခဲ့ဖူးတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

မာလ်ဒီနီက “ကျွန်တော်တို့ မက်ဆီကိုခေါ်ယူဖို့ ၁၀ ရက်လောက်ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် မဖြစ်နိုင်မှန်းသိခဲ့လို့ ဆက်မလုပ်တော့တာပါ။ အခုချိန်မှာတော့ အရမ်းနောက်ကျသွားပါပြီ။ မက်ဆီလိုကစားသမားမျိုးက လူတိုင်းကို ထိတ်လန့်အောင်ပြုလုပ်နိုင်ပါတယ်။ သူ အင်တာမီလန်ကို ရောက်သွားနိုင်တယ်ဆိုတဲ့သတင်းကို ဖတ်လိုက်ရတုန်းက ကျွန်တော် တော်တော်ကိုထိတ်လန့်သွားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကစားသမားဘဝမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ၂ ကြိမ်ခန့် သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး မာလ်ဒီနီက ခေါ်ယူနိုင်ဖို့ ၂၀၂၁ ခုနှစ်မှာ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက မက်ဆီဟာ နူးကမ့်မှ ထွက်ခွာပြီး ပီအက်စ်ဂျီသို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ၂၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ အာဂျင်တီးနား ဂန္ထဝင်ကစားသမားဟာ ပြင်သစ်မှာတော့ ၁ ရာသီသာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီကိုခေါ်ယူဖို့ ၎င်းရဲ့အသင်းဟောင်းဘာစီလိုနာ၊ ဆော်ဒီကလပ်တွေနဲ့ အေစီမီလန်တို့က အပြိုင်ကြိုးစားခဲ့ကြသော်လည်း ကစားသမားဟာ အင်တာမီယာမီကိုသာရွေးချယ်ခဲ့တာကြောင့် အေစီမီလန်ရဲ့ဆွဲဆောင်ချက်တွေက အချည်းနှီးဖြစ်ခဲ့ရပါတယ်။

မက်ဆီကို အင်တာမီယာက မခေါ်ယူနိုင်ခင်မှာ ကစားသမားဟာ ၎င်းရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုရှိရာ ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့နိုင်ချေရှိတယ်လို့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်။ သို့သော် ဒေးဗစ်ဘက်ခမ်းရဲ့ ဆွဲဆောင်မှုနဲ့အတူ မက်ဆီဟာ မေဂျာလိဂ်ကိုသာ ပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့တာကြောင့် ၎င်းတို့နှစ်ဦးအကြားပြိုင်ဆိုင်မှုကို နောက်တစ်ကြိမ်မြင်တွေရဖို့ ခက်ခဲသွားခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာ့ဖလားဆုရှင်ဟာ အင်တာမီယာမီနဲ့ အပိုရွေးချယ်ခွင့် ၁ နှစ်အပါအဝင် ၂ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီး တစ်နှစ်ကို ဝင်ငွေ သန်း ၅၀ နဲ့ ၆၀ အကြားရရှိသွားမှာဖြစ်ပါတယ်။ သဘောတူညီချက်အတွင်းမှာ  မက်ဆီရဲ့ ဂျာစီကိုရောင်းချမှုနဲ့ရုပ်သံမှာဖော်ပြမှုတွေအတွက် Adidas နဲ့ Apple တို့က ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကို ပေးချေသွားရမှာဖြစ်ပါတယ်။

မီယာမီကို ရောက်ရှိပြီးမကြာမီမှာပဲ မက်ဆီဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော ဆုဖလားအဖြစ် လိဂ်ဖလားကို ဆွတ်ခူးရာမှာ အကူအညီပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း မီယာမီရဲ့ ရာသီအစတုန်းက ဆိုးရွားတဲ့ရလဒ်တွေကြောင့် ၎င်းတို့အသင်းဟာ မေဂျာလိဂ်မှာတော့ ရှုံးထွက်ပြိုင်ပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိတက်လှမ်းပြီးနောက် ဇွန်လမှာတော့ အေစီမီလန် အသင်းက မာလ်ဒီနီကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိရာသီ ၁၂ ပွဲ ကစားပြီးချိန်မှာ အေစီမီလန်ဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက မဟာပြိုင်ဘက် အင်တာမီလန်နဲ့ ၈ မှတ်အထိကွာဟနေပါတယ်။

#အေစီမီလန် #မက်ဆီ #အင်တာမီယာမီ #မာလ်ဒီနီ