ရှေ့သို့
Image

မန်စီးတီး၊ နယူးကာဆယ်တို့နဲ့အပြိုင် ခဗာရက်စ်ကီးလီယာကို ပေါင် ၈၇ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချဲလ်ဆီး

12:41 PM, 23 November

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာစီးတီး၊ နယူးကာဆယ်၊ ယူနိုက်တက်တို့နဲ့ အပြိုင် နာပိုလီကြယ်ပွင့်ကစားသမား ခဗာရက်စ်ကီးလီယာကို ပေါင် ၈၇ သန်းနဲ့ ခေါ်ယူဖို့အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက နာပိုလီမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ တောင်ပံကစားသမားကို လာလီဂါထပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စောင့်ကြည့်မှုတွေပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ခဗာရက်စ်ကီလီယာဟာ ၂၀၂၂-၂၃ ရာသီမှာ နာပိုလီအသင်းအတွက် စုစုပေါင်း ၄၃ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုး သွင်းကာ ၁၇ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယားကို ဆွတ်ခူးစေခဲ့ပါတယ်။

ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ကစားသမားဟာ စီးရီးအေရဲ့တန်ဖိုးအရှိဆုံး ကစားသမားဆုနဲ့ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုများကို ဆွတ်ခူးရရှိခဲ့ပြီး ဘော်လွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာလည်း ဟယ်ရီကိန်းနဲ့ ဂျုဘယ်လင်ဟမ်တို့ရဲ့အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟာ လက်ရှိရာသီမှာလည်း ၁၅ ပွဲ ကစားအပြီးမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတာက အံ့ဩစရာတော့မဟုတ်ပါဘူး။

ယခုအခါ ချဲလ်ဆီးအသင်းကပါ အသက်-၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ကြိုးစားနေတာကြောင့် ESPN ရဲ့အဆိုအရ အပြောင်းအရွှေ့ဟာ ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီရဲ့ အပြောင်းအရွှေ့နည်းဗျူဟာအရ ချဲလ်ဆီးအသင်းဟာ လူငယ်ခြေတက်ကစားသမားတွေကို စုဆောင်းဖို့ကြိုးစားနေတာဖြစ်ပြီး ခ‌ဗာရက်စ်ကီလီယာဟာလည်း ပစ်မှတ်တစ်ခုအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အစပိုင်းကချဲလ်ဆီးနည်းပြ ပိုချက်တီနိုဟာ ခ‌ဗာရက်စ်ကီလီယာအစား တိုက်စစ်မှူးတစ်ဦးကိုသာ ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပြီး ခဗာရက်စ်ကီးလီယာရဲ့ နာပိုလီအသင်းဖော် ဗစ်တာအိုဆီမင်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးတို့ကို ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိချဲလ်ဆီးအသင်းမှာ ရာဟင်စတာလင်၊ မာဒရစ်ခ်၊ မာဒူကဲနဲ့ ကိုးလ်ပယ်မာတို့လို့ ‌တောင်ပံနဲ့ကွင်းလယ်တိုက်စစ်ကစားသမားတွေအများကြီးရှိနှင့်နေခဲ့ပြီးဖြစ်ပါတယ်။

‌‌တော့ဘိုလီဝယ်ယူပြီးကတည်းက ချဲလ်ဆီးအသင်းဟာ အသားတင်အသုံးစရိတ် ပေါင် ၆၉၂ သန်းအထိ အသုံးပြုထားခဲ့ပြီဖြစ်တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ငြိစွန်းမှုမရှိစေဖို့ ဈေးနှုန်းမြင့်မားတဲ့ ပြောင်းရွှေ့မှုတွေကို ခေတ္တခဏတော့ ရပ်နားထားဖို့လိုအပ်နေပါတယ်။ လက်ရှိမှာ ၂၀၂၇ ခုနစ်အထိ နာပိုလီနဲ့ သက်တမ်းတိုးနိုင်ဖို့ အလားအလာရှိနေတဲ့ ဂျော်ဂျီယာလက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ‌ချဲလ်ဆီးအနေနဲ့ ပေါင် ၈၇ သန်းလောက်အထိ အသုံးပြုသွားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါကလည်း ကစားသမားကို ခေါ်ယူဖို့ ဘဏ္ဍာငွေလုံလောက်မှာမဟုတ်ပါဘူး။ ပိုချက်တီနိုရဲ့ အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၄ သင်းနဲ့ ၁ဝ မှတ်အကွာ အဆင့် ၁၀ နေရာမှာရပ်တည်နေပြီး လာမယ့်စနေ‌နေ့မှာတော့ နယူးကာဆယ်နဲ့ ခက်ခဲတဲ့အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #နယူးကာဆယ် #နာပိုလီ #အပြောင်းအရွှေ့ #ခဗာရက်စ်ကီးလီယာ