ရှေ့သို့
Image

ကွင်းထဲက ထွက်သွားခဲ့တဲ့ အာဂျင်တီးနားအသင်းအား သူရဲဘောကြောင်တယ်လို့ ပြောခဲ့တဲ့ ရိုဒရီဂိုကို တုံ့ပြန်လိုက်တဲ့ မက်ဆီ

11:26 AM, 23 November

ကမ္ဘာ့ဖလားခြေစစ်ပွဲမစတင်မီ မာရာတန်နာမှာ မယုံနိုင်လောက်အောင် အကျည်းတန်တဲ့ မြင်ကွင်းများ ရှိခဲ့ပြီး ဘရာဇီးနိုင်ငံတော်သီချင်းသီဆိုချိန်တွင် အဝေးကွင်းပရိသတ်များကို ရဲများက ကာကွယ်ပေးခဲ့ရပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ တင်းမာမှုကို ဖြေဖျောက်ရန် ပွဲကြည့်စင်နားသို့ အပြေးအလွှား ပြေးလာကြပြီး ပရိသတ်အများအပြားမှာ သွေးထွက်သံယိုနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ဆေးဘက်ဆိုင်ရာ အကူအညီများ လိုအပ်ခဲ့ကြပါတယ်။ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်က ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့လက်မှ နံပါတ်တုတ်တစ်ချောင်းကို ဆွဲထုတ်ရန် ကြိုးစားနေသည်ကိုပင် မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် မက်ဆီဟာ သူ့ရဲ့အသင်းဖော်များကို ဦးဆောင်ကာ အဝတ်လဲခန်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။

ကွင်းထဲကနေ ထွက်ခွာချိန်မှာ ဘော်လွန်းဒီအော်ဆုရှင်မက်ဆီက တာဝန်ရှိသူများအား "ကျွန်တော်တို့  ထွက်သွားတော့မယ်၊ ဒီလိုအခြေအနေမျိုးမှာ မကစားနိုင်ပါဘူး" လို့ ပြောကြားခဲ့ပုံရပါတယ်။ အချိန်အတော်ကြာ ကြန့်ကြာနေပြီးနောက် အာဂျင်တီးနား ကစားသမားတွေက ကွင်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပြဿနာဖြစ်ပွားမှုက ကွင်းအတွင်းသို့ ရောက်လာခဲ့ကာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုက အဝတ်လဲခန်းသို့ ပြန်သွားရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အက်သလက်တီကိုမှ ရိုဒရီဂိုဒီပေါလ်နှင့် ငြင်းခုံခဲ့ကြပါတယ်။

မက်ဆီက ဖြေရှင်းပေးရန် ရောက်ရှိလာခဲ့ပြီး ရိုဒရီဂိုက အာဂျင်တီးနားအသင်းအား သူရဲဘောကြောင်သူများလို့ ပြောခဲ့ပါတယ်လို့ အာဂျင်တီးနား ရုပ်သံ TyC Sports မှ ပြောကြားခဲ့ပါတယ်။ ထို့နောက် အင်တာမိုင်ယာမီကစားသမားက ရိုဒရီဂိုရဲ့ လည်ပင်းနောက်ဘက်သို့ ဖမ်းကိုင်ကာ "ငါတို့က ကမ္ဘာ့ချန်ပီတွေကွ ဘာလို့ သူရဲဘောကြောင်ရမှာလဲ မင်းစကားကို မင်းသတိထားပါ" လို့ ဒေါသထွက်ကာ ပြောကြားခဲ့ပါတယ်။

မက်ဆီ ထွက်သွားချိန်မှာတော့ ရိုဒရီဂိုက စကားဆက်ပြောဖို့ ကြိုးစားခဲ့ပေမယ့် ဒီပေါလ်ရဲ့ တားမြစ်ထားခြင်းကို ခံခဲ့ရသလို တခြား ကစားသမားတွေနဲ့ ဝန်ထမ်းတွေပါ ရောက်လာခဲ့ပြီး ခရစ္စတီယန် ရိုမီယို၊ ဂျီယိုဗာနီ လိုဆဲလ်ဆိုနဲ့ အီမာဆန်တို့ကလည်း ဝင်ရောက် ဖြန်ဖြေပေးခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ နှစ်ဖက်ကစားပုံက ကြမ်းတမ်းခဲ့ပြိး အော့တာမန်ဒီက ပွဲရဲ့တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့ပြီး ဒီပေါလ်ကို ကစားပုံကြမ်းတမ်းခဲ့တဲ့အတွက် လူစားဝင်ကစားသမား ဂျိုလင်တန်က အထုတ်ခံခဲ့ရပါတယ်။

အာဂျင်တီးနားက ၁-၀ ဂိုးဖြင့် အနိုင်ရခြင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ဘရာဇီးရဲ့အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းဖြစ်ပြီး ၃ပွဲ ဆက်တိုက်ရှုံးနိမ့်ခြင်းလည်းဖြစ်ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာတွင် ရပ်တည်ကာ ဦးဆောင်နေတဲ့ အာဂျင်တီးနားနှင့် ၈ မှတ်အကွာတွင် ရှိနေခဲ့ပါတယ်။

ပွဲကြည့်စင်အတွင်း ရုံးရင်းဆန်ခတ် မြင်ကွင်းတွေနဲ့ ကွင်းထဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင်း ပြောဆိုပြီးနောက်မှာတော့ မက်ဆီက သတင်းထောက်တွေကို "ရဲတွေက ပရိသတ်တွေကို ရိုက်နှက်တာကို တွေ့ခဲ့ရသလို၊ ကျွန်တော်တို့ရဲ့ မိသားစုဝင်တချို့လည်းပါဝင်နေပါတယ်" "ဒီလိုမျိုးအဖြစ်အပျက်မျိုးကလည်း လီဘာတေးတိုဖိုင်နယ်ကို ဒီမှာကစားတုန်းက ဖြစ်ခဲ့ပါတယ်။ သူတို့က ပွဲကစားကိုကြည့်ဖို့ထက် အဲဒါကို ပိုအာရုံစိုက်နေကြတာပါ" "ကျွန်တော်တို့က မိသားစုပါ။ အရာအားလုံးကို စိတ်အေးလက်အေး ဖြစ်သွားစေဖို့က အဝတ်လဲခန်းသို့ပြန်ဖို့သာ အကောင်းဆုံး နည်းလမ်းဖြစ်တာပါ။ ဒီနေ့က ကြေကွဲစရာ ဖြစ်သွားနိုင်ပါတယ်"လို့ ပြောပါတယ်။

#ရိုဒရီဂို #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မက်ဆီ