ရှေ့သို့
Image

အနားယူပြီး ၂ နှစ်အကြာမှာ ဘောလုံးပြန်ကစားတော့မယ့် အဂူရို

11:01 AM, 23 November

ဘောလုံးလောကမှ အနားယူသွားခဲ့တာ ၂ နှစ်ကြာပြီး‌နောက်မှာတော့ ဆာဂျီယိုအဂူရိုဟာ နောက်လမှာ ဘောလုံးကွင်းထဲသို့ တစ်ဖန်ပြန်လည်ခြေချတော့မယ်လို့သိရပါတယ်။

အဂူရိုဟာ ၂၀၂၁ အောက်တိုဘာလက ဘာစီလိုနဲ့ အလာဗက်စ်တို့ ၁ ဂိုးစီ သရေကျခဲ့ပွဲစဉ်မှာ ရင်ဘတ်ကိုဖိပြီး ကွင်းထဲမှာ လဲကျသွားခဲ့ပါတယ်။ ထို့နောက် ဒီဇင်ဘာလမှာတော့ တိုက်စစ်ကစားသမားဟာ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ရပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံကြောင့် အသက်-၃၃ နှစ်အရွယ်မှာပဲ ဘောလုံးလောကကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာ‌တော့ ‌တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ချစ်ကြည်ရေးပွဲစဉ်မှာ အဂူရိုဟာ ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်မှူးကို ဘောလုံးကစားသမားအဖြစ် ကွင်းထဲမှာပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို လီယွန်နယ်မက်ဆီနဲ့ အင်တာမီယာမီရဲ့အိမ်ကွင်း DRV PNK အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အဂူရိုဟာ ဘာစီလိုနာဂန္ထဝင်ကစားသမားဟောင်း ရော်နယ်ဒင်ဟို၊ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟောင်း ဟီဂူအင်တို့နဲ့အတူ တစ်သင်းထဲမှာ ကျရောက်သွားမှာဖြစ်ပါတယ်။

‌တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က "ဒီဇင်ဘာလ ၅ ရက်နေ့‌ ဒေသစံတော်ချိန် ည ၈ နာရီမှာ ကမ္ဘာ့ဂန္ထဝင်ကစားသမားတွေကို စုစည်းကာ ဘောလုံးပွဲစဉ်တစ်ပွဲစီစဉ်ထားပြီး အဆိုပါပွဲစဉ်ကို အမေရိကန်ပြည်‌ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဖော့လော်ဒါဒေးရှိ DRV PNK အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို၊ လူစီယို၊ ဆာဂျီရိုအဂူရို၊ ရိုဒရီဂွက်ဇ်၊ ပွန်ဇီယို၊ ဇနက်တီ၊ ဟီဂူအင်၊ လာဗက်ဇီ၊ ကမ်ပို့စ်၊ လူးဝစ်ဟာနန်ဒက်ဇ်၊ ဆီဘက်ရှန်၊ ကားလို့စ်၊ ဗီလာ၊ ဗဲလ်ဒက်စ်၊ အာရန်ဂို၊ ပစ်ဇာရို၊ ရဲလ်ဒက်စ်၊ ဘရိုင်ယန်ရူးဝဇ်၊ ပါထရီစီယို၊ ဗစ်ဇ်ကာရန်ဒို၊ ခရုဇ် နဲ့အခြားနာမည်ကျော် ဂန္ထဝင်ကစားသမား‌တွေ ပါဝင်သွားမှာဖြစ်ပါတယ်"လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဂူရိုဟာ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်မှ မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကမ္ဘာ့ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတွေထဲမှ တစ်ဦးအဖြစ် ‌ဂိုးသွင်းစွမ်းရည်တွေကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီရဲ့နောက်ဆုံးပွဲစဉ် ကျူပီအာကို ၂-၃ နဲ့ ဒရာမာဆန်ဆန်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အဂူရိုဟာ မန်စီးတီးအတွက် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူကာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးစေခဲ့ပါတယ်။

အီတီဟတ်မှာပဲ ကစားသမားဘဝ ဆက်လက်ကုန်‌ဆုံးခဲ့တဲ့ အဂူရိုဟာမန်စီးတီးနဲ့ အတူ နောက်ထပ်ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ထပ်မံရရှိခဲ့ပြီး သွင်းဂိုးပေါင်း ၂၆၀ အထိသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိမှာမန်စီးတီးရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝမှာလည်း တိုက်စစ်မှူးဟာ ၂၀၁၉ ကိုပါအမေရိကဖလားကို အာဂျင်တီးနားအတွက် ဆွတ်ခူးစေခဲ့ပါတယ်။

ဝမ်းနည်းစရာတစ်ခုကတော့ အဂူရိုဟာ ၎င်းရဲ့သူငယ်ချင်း လီယွန်နယ်မက်ဆီရဲ့ ကာတာသို့သွားရောက်ခဲ့တဲ့ ကမ္ဘာ့ဖလားခရီးစဉ်မှာတော့ ဘောလုံးလောကမှ အနားယူသွားခဲ့ပြီဖြစ်လို့ အသင်းဖော်အဖြစ်ပါဝင်ခဲ့မရရှိခဲ့ပါဘူး။ သို့သော်လည်း ကစားသမားဟောင်းဟာ အာဂျင်တီးနားအသင်းကို အားပေးဂုဏ်ပြုဖို့ ကာတာသို့လိုက်ပါခဲ့ပါတယ်။

#ဘာစီလိုနာ #အဂူရို