ရှေ့သို့
Image

အငှားခေါ်ယူထားတဲ့ ဂွန်ကာလိုရာမို့စ်ကို ယူရို သန်း ၈၀ ဖြင့် အပြီးခေါ်ယူမယ့် ပီအက်စ်ဂျီ

10:01 AM, 23 November

လီဂူးဝမ်းပြိုင်ပွဲအပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ အတွင်းမှာပါ အောင်မြင်မှုရယူရန် စိတ်အားထက်သန်နေတဲ့ ပီအက်စ်ဂျီ အသင်းက ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့အား လက်လွှတ်ထားရတာကြောင့် တိုက်စစ်ပိုင်း ပြန်လည် ဖြည့်တင်းတဲ့အနေဖြင့် ကနေဦးအငှားဖြင့် ခေါ်ယူထားတဲ့ ဂွန်ကာလိုရာမို့စ်အား စာချုပ်ပါအတိုင်း အပြီးခေါ်ယူသွားရန် အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ဘင်ဖီကာအသင်းနဲ့အတူ ထိပ်တန်းခြေစွမ်းပြသကာ ဂိုးသွင်းစက်တစ်ဦးအဖြစ် သက်သေပြနေတဲ့ ပေါ်တူဂီစတား ဂွန်ကာလိုရာမို့စ်အား အပြီးခေါ်ယူခွင့်ပါဝင်တဲ့ ကနဦး အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လိဂ်ချန်ပီယံအသင်းက ဂွန်ကာလိုရာမို့စ်အတွက် စာချုပ်ပါအတိုင်း အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ (ယူရို သန်း ၈၀) ဖြင့် အပြီးခေါ်ယူလိုက်တဲ့အကြောင်း အတည်ပြုသွားခဲ့သလို ကစားသမားကိုလည်း ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိစေမယ့် ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဂွန်ကာလိုရာမို့စ်က ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ အတူ ထိပ်တန်းတိုက်စစ်ကစားသမားတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး ၂၇ ဂိုး အထိသွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းတွင် သွင်းဂိုးတွေမြူးခဲ့တဲ့ ဂွန်ကာလိုရာမို့စ် အနေဖြင့် ပဲရစ်အခြေစိုက်ကလပ်တွင် ၁၅ ပွဲကစားခွင့်ရမှာ ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး သွင်းဂိုး ၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းတွင် ရာမို့စ်အပြင် ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ပဲရစ်မြေကို ပြောင်းရွှေ့လာတဲ့ ဖရန့်ဖတ် တိုက်စစ်ကစားသမား ကိုလိုမူအာနီကိုလည်း ပိုင်ဆိုင်ထားသလို မူအာနီအနေဖြင့် ပွဲစဉ် ၁၁ ပွဲကစားပြီး သွင်းဂိုး ၃ ဂိုး သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဘင်ဖီကာ #ဂွန်ကာလိုရာမို့စ်