ရှေ့သို့
Image

ဘရာဇီးကို အနိုင်ယူပြီးနောက် အာဂျင်တီးနား နည်းပြဘဝ အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောဆိုလာတဲ့ စကာလိုနီ

1:48 PM, 22 November

ဒီနေ့မနက်ပိုင်း၊ မာရာကာနာကွင်းကြီးအတွင်း ဒေသတွင်း ခါးသီးပြိုင်ဘက်ဘရာဇီးကို မယုံကြည်နိုင်ဖွယ် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားနည်းပြ စကာလိုနီကတော့ မကြာမီကာလအတွင်း သူ့ရဲ့လက်ရှိတာဝန်မှ ထွက်ခွာသွားဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စကာလိုနီက လတ်တလောနှစ်တွေအတွင်း အိမ်မက်တစ်ခုနဲ့အတူ ရှင်သန်နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။ သူက ၂၀၁၈ ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို စတင်တာဝန်ယူခဲ့ပြီး အသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေအပါအဝင် ဆုဖလားတွေအောင်ပွဲတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုလိုအောင်ပွဲတွေ ဆွတ်ခူးထားနိုင်ပေမယ့် စကာလိုနီမှာတော့ စိတ်မသက်မသာဖြစ်နေပုံ ရပါတယ်။ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်အဖြစ် ဘရာဇီးကို အနိုင်ယူပြီးနောက် စကာလိုနီက အာဂျင်တီးနားနည်းပြ တာဝန်မှ နုတ်ထွက်ရန် အလေးအနက်ထားစဉ်းစားနေတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ မာရာကာနာကွင်းကြီးမှာ ခမ်းနားတဲ့နိုင်ပွဲတစ်ခု ရယူနိုင်ပြီးနောက် သတင်းစာရှင်းလင်းပွဲ အတွင်း စကာလိုနီက လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ နည်းပြက အာဂျင်တီးနား လက်ရွေးစင် အသင်းမှ ထွက်ခွာဖို့ အလေးအနက်ထားစဉ်းစားနေပြီး ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ရေး သူ့ရဲ့ဝန်ထမ်းတွေနဲ့ တိုင်ပင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ အာဂျင်တီးနားက ဘရာဇီးကို ၁-၀ ဂိုးဖြင့် အလဲထိုးနိုင်ခဲ့ပါတယ်။ ဒီရလဒ်ပိုင်းနဲ့အတူ ဘရာဇီးအသင်းဟာ အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ သမိုင်းတလျှောက် ပထမဆုံးအိမ်ကွင်းရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီပွဲစဉ်မတိုင်ခင်ကတော့ ဘရာဇီးက ကမ္ဘာ့ဖလားခြေစစ်ပွဲအိမ်ကွင်းပွဲစဉ်တွေမှာ ၅၁ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ရှုံးပွဲမရှိအောင် စွမ်ဆောင်နိုင်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အခုရလဒ်ပိုင်းက စကာလိုနီအတွက် အကောင်းဆုံးဖြစ်နေပုံ မရပါဘူး။

TyC Sports သတင်းဌာနမှ ဂျိုအာကွင်းဘရူနိုကလည်း မာရာကာနာကွင်းမှ မထွက်ခွာခင် စကာလိုနီရဲ့ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးဆီမှ “နောက်ဆုံးဓါတ်ပုံလေးတစ်ပုံ ရိုက်လိုက်ကြရအောင်”လို့ ပြောဆိုနေမှုကို ကြားသိခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ နည်းပြဖြစ်သူက အခုကောလာဟလတွေကို ခိုင်လုံသွားစေမယ့် မှတ်ချက်စကားတွေကို ပေးလာခဲ့တာပါ။

စကာလိုနီက “ကျွန်တော့်ရဲ့အနာဂတ်မှာ ဘာတွေလုပ်ရမယ်ဆိုတာ အများကြီးစဉ်းစားရပါတော့မယ်။ ဒီအသင်းက တောင်းဆိုမှုတွေ အမြဲတမ်းရှိနေသလို အမြင့်ဆုံးစွမ်းဆောင်ရည်ရှိနေဖို့လည်း လိုအပ်ပါတယ်။ ဒါက နှုတ်ဆက်စကားတစ်ခု မဟုတ်ပေမယ့် ဖြစ်နိုင်ခြေကတော့ အရမ်းမြင့်မားပါတယ်။ ဒီအသင်းက ရနိုင်သမျှစွမ်းဆောင်ရည်အားလုံးရှိနေတဲ့ နည်းပြတစ်ဦး လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

ဒီပြောစကားအရ လတ်တလောဖြစ်ပေါ်နေတဲ့ ဖိအားတွေက အာဂျင်တီးနားအသင်းမှ ထွက်ခွာရန် စကာလိုနီရဲ့စဉ်းစားမှုအတွက် အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာ ထင်ရှားလာပါတယ်။ နည်းပြတစ်ဦးအဖြစ် အရေးပါတဲ့ဆုဖလားသုံးလုံးကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက်တွေဟာ အလွန်မြင့်မားနေတယ်လို့ သူက အလေးပေးပြောဆိုခဲ့ပါတယ်။

စကာလိုနီလက်ထက်မှာ အာဂျင်တီးနားက ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်ကိုပါအမေရိကချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားတွေရဲ့ ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ကို ၂၀၂၂ ခုနှစ်၊ ကာတာမြေမှာ နိုင်ငံလက်ရွေးစင်အသင်းကို အောင်ပွဲရရှိအောင် လမ်းပြပေးရင်း ဖြည့်ဆည်းပေးခဲ့ပါတယ်။

#စကာလိုနီ #ဘရာဇီး #အာဂျင်တီးနား