ရှေ့သို့
Image

တရုတ်မီဒီယာတွေရဲ့မှတ်ချက်က ကျေနပ်စရာမရှိဘူးလို့ ဖွင့်ဟလာတဲ့ ဆွန်ဟောင်မင်

11:47 AM, 22 November

ယမန်နေ့က တရုတ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်ခြေစစ်ပွဲမှာ ‌တောင်ကိုရီးယားအသင်းအတွက် သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပွဲမစခင် တရုတ်ကစားသမားတွေရဲ့ ရန်စတဲ့မှတ်ချက်တွေက ကျေနပ်စရာမရှိဘူးလို့ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ နောက်ခံလူဂျောင်တို့က တောင်ကိုရီးယားအတွက် ဂိုး‌သွင်းပေးခဲ့ပြီး တရုတ်အသင်းကတော့ချေပဂိုးပြန်လည် မရရှိခဲ့တာကြောင့် ပွဲအပြီးမှာ ၀-၃ ဆိုတဲ့ရလဒ်နဲ့ တောင်ကိုရီးယားကပဲ အနိုင် ၃ မှတ်ကို ဆက်လက်ပုံဖော်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ကို တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာကျင်းပခဲ့ပြီး လက်မှတ်တွေအားလုံးရောင်းထွက်ခဲ့ကာ လူပေါင်း ၄ သောင်းကျော် လာရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် တောင်ကိုရီးယားအသင်းဟာ လက်ရှိမှာ ရမှတ် ၆ မှတ် အပြည့်ရရှိထားပြီး ၈ ဂိုး သွင်းယူထားကာ ပေးဂိုးမရှိ ရလဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ပွဲပြီးမှာ တောင်ကိုရီးယားရုပ်သံသတင်းဌာနသို့ ဆွန်က "ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့(‌တရုတ်အသင်းနဲ့၊ တရုတ်မီဒီယာ)က ကျွန်တော့်ကို ဘယ်လိုတားဆီးရမလဲဆိုတာသိတဲ့အကြောင်းနဲ့ လုံးဝဂရုမစိုက်ဘူးလို့ ပြောနေခဲ့ကြတဲ့အပေါ် စိတ်မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးကစားရင် လူတိုင်းကို လေးစားမှုရှိပါတယ်။ ဒါကြောင့် ဒီလိုမှတ်ချက်တွေကို အသင်းတစ်သင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပွဲထဲမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်နိုင်ခဲ့တယ်လို့ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဆွန်ဟောင်မင်ဟာ နိုင်ငံတကာပွဲစဉ် ၁၁၄ ပွဲမှာ ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ ၁၁ မိနစ်မှာရရှိလာတဲ့ပင်နယ်တီကို ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီးနောက် နှုတ်ခမ်းကို လက်ညှိုးတစ်ချောင်းနဲ့ ပိတ်ကာ မှတ်ချက်ပေးနေသူတွေကို တုံ့ပြန်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီးမှာလည်း ဒုတိယဦး‌‌ဆောင်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ဆွန်ဟာ သူ့ကိုရပ်တန့်ဖို့ ထင်သလောက်မလွယ်ဘူးဆိုတာကို တရုတ်အသင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဧည့်သည်အသင်းကပဲ တတိယဂိုးထပ်မံရရှိသွားခဲ့ပြီး ပွဲပြီးကာနီး ၈၇ မိနစ်မှာ ဆွန်ရဲ့ဖရီးကစ်မှ တစ်ဆင့် နောက်ခံလူ ဂျောင်က ပွဲသိမ်းဂိုးအဖြစ် ခေါင်းတိုက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီနဲ့ ဖေဖော်ဝါရီအတွင်း ကာတာမှာကျင်းပမယ့် အာရှဖလားပြိုင်ပွဲကြောင့် ဒေသတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို ခေတ္တခဏရပ်နားထားမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဆွန်ဟောင်မင် #တောင်ကိုရီးယား