ရှေ့သို့
Image

ဂရိနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးလိုင်းနည်းပညာမရှိခဲ့လို့ ယူအီးအက်ဖ်အေကို ဝေဖန်လိုက်တဲ့ ဂရစ်ဇ်မန်း

11:07 AM, 22 November

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ပြင်သစ်အသင်းဟာ ဂရိကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး ၂-၂ နဲ့ သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပြင်သစ်ကွင်းလယ်လူ အန်တိုနီဂရစ်ဇ်မန်းက ယခုပွဲစဉ်မှာ ဂိုးလိုင်းနည်းပညာ မသုံးခဲ့တဲ့ ယူအီးအက်ဖ်အေကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ဖိုဖာနာရဲ့ပေးပို့မှုမှတစ်ဆင့် ညာတောင်ပံမှ ကိုးမန်းက ပြင်သစ်အတွက် ဂိုးသွင်းယူကာ ဒက်စ်ချမ့်စ်အတွက် နောက်ကျနိုင်ပွဲကို ဖော်ဆောင်နိုင်ဖို့ အခွင့်အရေးရခဲ့သော်လည်း ကွင်းလယ်ဒိုင်က ဘောလုံးဟာ စည်းကို ကျော်မသွားခဲ့ဘူးလို့ ယူဆပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိတာကြောင့် ပြင်သစ်တို့နိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ပြန်လည်ပြသချက်တွေမှာတော့ ဘောလုံးဟာ ဂိုးတိုင်ကိုမထိခင် ဂိုးစည်းကိုကျော်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ကီလီယန်အမ်ဘာပေမရှိစဉ်မှာ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို လက်ခံထားရတဲ့ ဂရစ်ဇ်မန်းက ယခုပွဲစဉ်မှာ ဂိုးလိုင်းနည်းပညာမရှိခဲ့မှုအတွက် စိတ်ပျက်မိကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ အားကစားအုပ်ချုပ်ရေးအဖွဲ့ ယူအီးအက်ဖ်အေသို့ တိုက်ရိုက်ရည်ရွယ်ပြီး ပြိုင်ပွဲများမှာ နည်းပညာအသုံးပြုမှု တိုးမြှင့်စေဖို့ တောင်းဆိုခဲ့ပါတယ်။

၎င်းက “ကျွန်တော်တို့ ပျောက်ဆုံးနေတာက ဂိုးလိုင်းနည်းပညာပါ။ ယူအီးအက်ဖ်အေမှာ ပိုက်ဆံတွေ အများကြီးရှိပေမယ့် ပွဲထဲမှာ ဂိုးဟုတ်မဟုတ်ကို တိတိကျကျ ဆုံးဖြတ်ပေးနိုင်တဲ့ အရာတွေကို ကွင်းထဲမှာ မထားပေးနိုင်ပါဘူး။ သူတို့ကို မေးရမှာက ကျွန်တော်တို့ကို ပွဲတွေအများကြီးကစားစေချင်ရင် ဘာကြောင့် နည်းပညာကို ဒီထပ်ပိုမသုံးတာလဲ ဆိုတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

#ဂရိ #ယူအီးအက်ဖ်အေ #ဂရစ်ဇ်မန်း ယူရို၂၀၂၄ခြေစစ်ပွဲ