ရှေ့သို့
Image

ပြင်သစ် သရေကျပြီး နယ်သာလန်၊ ခရိုအေးရှားတို့ အနိုင်ရခဲ့တဲ့ ယူရိုခြေစစ်ပွဲအုပ်စုနောက်ဆုံး ပွဲစဉ်များ

10:13 AM, 22 November

ယူရို-၂၀၂၄ ခြေစစ်ပွဲအဆင့်၊ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ခရိုအေးရှားတို့ ခြေစစ်ပွဲ အောင်မြင်လာခဲ့သလို နယ်သာလန်ကလည်း ခြောက်ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပေမယ့် ပြင်သစ်ကတော့ အဝေးကွင်းမှာ ဂရိနဲ့ သရေကျခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားတတိယဆုရှင် ခရိုအေးရှားကတော့ အိမ်ကွင်းမှာ အာမေးနီးယားကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူပြီး ယူရိုပြိုင်ပွဲတိုက်ရိုက်ဝင်ခွင့်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ခရိုအေးရှားတို့ ဂိုးပေါက်တည့်ကန်ချက်ခြောက်ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဖွင့်ဂိုးမရှာဖွေနိုင်ခဲ့သလို အာမေးနီးယားရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကိုလည်း ဂိုးသမားလီဗာကိုဗစ် လက်စွမ်းပြကာကွယ်ပေးနိုင်ခဲ့လို့ ဦးဆောင်ဂိုး ခွင့်မပြုပေးခဲ့ရတာပါ။

ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာတော့ ဆိုဆာရဲ့ဖြတ်တင်ဘောပေးပို့မှုကို လူကပ်မခံထားရတဲ့ ဘူဒီမာက အပိုင်ခေါင်းတိုက်ပြီး ခရိုအေးရှား အတွက် ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ခရိုအေးရှားက ရရှိထားတဲ့ ဦးဆောင်ဂိုးကို ထိန်းသိမ်းရင်း အုပ်စုတွင်းပြိုင်ဘက်ဝေးလ်ကို ကျော်ဖြတ်ကာ အုပ်စုဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဝေးလ်ကတော့ တူရကီကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး ခရိုအေးရှားရဲ့ရလဒ်ပိုင်းအပေါ် မူတည်ကာ ယူရိုပြိုင်ပွဲတိုက်ရိုက်ဝင်ခွင့်နေရာနဲ့ လွဲချော်ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာပဲ နီကိုဝီလျံစ်ရဲ့တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းနဲ့ အတူ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်က ဘယ်ခြမ်းမှတဆင့် တစ်ကိုယ်တော်ကျော်ဖြတ်ရင်း အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းရာ တူရကီဂိုးသမားကာကီယာ ဘယ်လိုမှမတက်နိုင်ဘဲ ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရပါတယ်။ နောက်ထပ်လည်း ဝေးလ်အသင်းက အခွင့်အရေးကောင်းတွေ ထပ်မံဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေနဲ့အတူ သွင်းဂိုးဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဧည့်သည်တူရကီတို့ ပယ်နယ်တီ အခွင့်အရေးရရှိလာပြီး ယာဇီစီရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်က ဝေးလ်ရဲ့အသည်းကို နှစ်ခြမ်းကွဲသွားစေခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ အုပ်စုတတိယနေရာနဲ့ပဲ ဝေးလ်တို့ ကျေနပ်ခဲ့ရပါတယ်။

ဂျီဘရော်တာနဲ့ကစားရတဲ့ ပွဲစဉ်ကိုတော့ ဖီယင်နုပရိသတ်တွေ သဘောကျနှစ်သက်နေပါလိမ့်မယ်။ ဒီပွဲစဉ်မှာ ဖီယင်နုကြယ်ပွင့် ကယ်လ်ဗင်စတန်စ်က နိုင်ငံ့လက်ရွေးစင်အဆင့်ပထမဆုံးသွင်းဂိုးကို ရှာဖွေနိုင်ခဲ့သလို ပွဲကစားချိန်တစ်နာရီအတွင်း ဟက်ထရစ်ရရှိစေတဲ့ စွမ်းဆောင်ရည်မျိုးကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် စတန်စ်က ၂၀၁၀ ပြည့်နှစ်၊ ဟန်တယ်လာနောက်ပိုင်း နိုင်ငံ့လက်ရွေးစင်အဆင့်၊ အဝေးကွင်းပွဲစဉ်တစ်ခုမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးဒတ်ချ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
သူ့ရဲ့ကလပ်အသင်းဖော် ဝီဖာကလည်း နိုင်ငံ့လက်ရွေးစင်အဆင့် ပထမဆုံး သွင်းဂိုးကို အခုပွဲစဉ်မှာ ရှာဖွေနိုင်ခဲ့ပြီး ကော့မီနာနဲ့အတူ လူစားဝင်ကစားသမား ဂတ်ပိုတို့ရဲ့သွင်းဂိုးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂရိကို အဝေးကွင်းမှာ ရင်ဆိုင်ရတဲ့ ပြင်သစ်ကတော့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြင်သစ်အတွက် မူအာနီ၊ ဖိုဖာနာတို့က သွင်းဂိုးတွေ ရှာဖွေပေးခဲ့သလို ဂရိအတွက် ဘာကာစီတက်စ်၊ လိုအန်နီဒီစ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
--------------
ဂရိ ၂-၂ ပြင်သစ်*
ဂျီဘရော်တာ ဝ-၆ အီတလီ*
ခရိုအေးရှား* ၁-၀ အာမေးနီးယား
ဝေးလ် ၁-၁ တူရကီ*
ရိုမေးနီးယား* ၁-၀ ဆွစ်ဇာလန်*
အန်ဒိုရာ ဝ-၂ အစ္စရေး
ကိုဆိုဗို ဝ-၁ ဘီလာရုစ်
(* ပြထားသောအသင်းများမှာ ယူရို-၂၀၂၄ ခြေစစ်ပွဲအောင်မြင်ခဲ့သောအသင်းများဖြစ်သည်။)

#အီတလီ #ဂရိ #နယ်သာလန် #ပြင်သစ် ယူရို၂၀၂၄ခြေစစ်ပွဲ