ရှေ့သို့
Image

ဩစတြီးယားကို ရှုံးနိမ့်ခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ပြိုင်ဘက်ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ တွန်းခဲ့လို့ အနီကတ်ပြခံခဲ့ရတဲ့ ဆာနေး

9:51 AM, 22 November

ယနေ့နံနက်အစောပိုင်းက ဩစတြီးယားကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိုင်ဆာနေးဟာ ဂျာမနီအသင်းအတွက် ပွဲထွက်ပါဝင်လာခဲ့ပြီး ပြိုင်ဘက်မျက်နှာကို လက်နှစ်ဖက်နဲ့တွန်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

အသက်-၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒုတိယပိုင်းအစ ၄၉ မိနစ်မှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ပြိုင်ဘက်ကစားသမားရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ တွန်းလောက်တဲ့အထိ ဒေါသအိုးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ကစားသမား ၂ ဦးဟာ ဘောလုံးယှဉ်လုစဉ်မှာ ၂ ဦးစလုံးလဲကျခဲ့ပြီး ပြန်အထမှာ ဆာနေးက ဩစတြီးယား‌နောက်ခံလူရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ကြမ်းကြမ်းတမ်းတမ်းတွန်းထိုးခဲ့တာဖြစ်ပါတယ်။

ဩစတြီးယားသားဟာ မြေပြင်ပေါ်သို့လဲကျသွားပြီး ခဏအကြာမှာ‌တော့ ကွင်းလယ်ဒိုင်က ဆာနေးကို တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ယခုလိုဆာနေးရဲ့ အဆင်ခြင်မဲ့လုပ်ရပ်ဟာ တွစ်တာမှာ လူပြောများနေပြီး ဘောလုံးနဲ့သက်ဆိုင်တဲ့မီဒီယာတစ်ခုက "ဆာနေးက ဦးနှောက်မရှိတော့တာလား။ သူဟာ ဖီးလစ်ပ်ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ တွန်းထိုးလိုက်လို့ အနီကတ်ပြခံလိုက်ရပါပြီ"ဒေါသတကြီးရေးသားထားပါတယ်။

ဩစတြီးယားအသင်းဟာ ပထမပိုင်း ၂၉ မိနစ်မှာပဲ ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာရဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ‌ဆာနေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျာမနီအနေနဲ့ ပြန်လာနိုင်ဖို့ခက်ခဲသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဩစတြီးယားက ဒုတိယမြောက်ဂိုးကို ထပ်မံရရှိသွားခဲ့ပြီး လိုက်ပ်ဇစ်ကွင်းလယ်လူ ခရစ္စတိုက ၇၃ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယခုပွဲမှာ အနီကတ်ပြထုတ်ပယ်ခံလိုက်ရတဲ့ တောင်ပံကစားသမား ‌ဆာနေးဟာ စုစုပေါင်းဘောလုံးထိချက် ၂၇ ချက်သာ ရှိခဲ့ပါတယ်။ ဂျာမနီအသင်းဟာ နောက်နှစ်မှာ ကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တာကြောင့် ‌ခြေစစ်ပွဲ ကန်စရာမလိုဘဲ ပြိုင်ပွဲမှာနေရာတစ်နေရာ ရရှိထားပြီးဖြစ်ပါတယ်။

ဝေးလ်စ်ကတော့ တူရကီကို ၁-၁ နဲ့ သရေ ရလဒ်သာ ရယူနိုင်ခဲ့တာကြောင့် ပလေးအော့ဖ်ခြေစစ်ပွဲအဆင့်ကို ထပ်မံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဝေးလ်စ်ဟာ ပွဲအစ ၇ မိနစ်က ဝီလီယမ်စ်ရဲ့သွင်းဂိုးနဲ့အတူ ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၇၀ မှာ အငြင်းပွားဖွယ်ပင်နယ်တီပေးခဲ့ရပြီး ချေပဂိုးပြန်လည် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

#ဩစတြီးယား #ဘိုင်ယန်မြူးနစ် #ဆာနေး