ရှေ့သို့
Image

အာဆင်နယ် နောက်ခံလူ တိုမီယာဆုကို ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်

3:30 PM, 21 November

ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်နောက်ခံလူ တိုမီယာဆုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အာဆင်နယ် ပရိသတ်တွေကတော့ သူတို့ရဲ့ပရီးမီးယားလိဂ်ဆုဖလား လမ်းကြောင်းအတွက် အရေးကြီးတဲ့ကစားသမားကို လက်လွှတ်ရမှာကို ကြောက်ရွံ့နေကြပါတယ်။

တိုမီယာဆုဟာ နောက်တန်းမှာ စွယ်စုံရကစားသမား တစ်ဦးဖြစ်ပြီး ဇင်ချန်ကိုရဲ့ ဘယ်နောက်ခံ‌နေရာ၊ ဒဏ်ရာရှိထားတဲ့ ဂျူရီယန်တင်းဘားရဲ့ ဗဟိုခံစစ်နေရာနဲ့ ညာနောက်ခံနေရာတွေမှာ အံဝင်ခွင်ကျ ကစားပေးနိုင်တာဖြစ်ပါတယ်။ ဒီလိုစွယ်စုံရ ကစားသမားဖြစ်တဲ့အပြင် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေပြသထားနိုင်တာကြောင့် ဂျပန်သားကို ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေကြတာဖြစ်ပါဝယ်။

ယခုအခါ အပြောင်းအရွှေ့သတင်းထောက် ‌ဖလော်ရီယန်ပလက်တန်ဘက်ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်ဟာ တိုမီယာဆုကို ခေါ်ယူဖို့ အာဆင်နယ်အသင်းထံ ကမ်းလှမ်းချက်တင်သွင်းတော့မယ်လို့သိရပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ ကစားသမားရဲ့ နေရာစုံကစားနိုင်မှုကို စိတ်ဝင်စားနေကြပြီး ၎င်းတို့ရဲ့နောက်တန်းမှာ အသုံးချချင်နေကြတာဖြစ်ပါတယ်။

သို့‌သော်လည်း ဂျပန်လက်ရွေးစင်ကစားသမားဟာ ဂျပန်အသင်းနဲ့အတူ အာရှဖလားပြိုင်ပွဲမှာ ပါဝင်သွားဖို့ရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှာတော့ အပြောင်းအရွှေ့ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်း ကစားသမားကို ခေါ်ယူဖို့နောက်နှစ် နွေရာသီဈေးကွက်အထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရပါတယ်။

တိုမီယာဆုရဲ့အခုလို ထွက်ခွာမယ့်သတင်းကြောင့် အာဆင်ပရိသတ်တော်တော်များများတုန်လှုပ်သွားခဲ့ပြီး တွစ်တာမှတစ်ဆင့် "စိတ်ဝင်စားဖို့ကောင်းပေမယ့် ကျွန်တော်တို့သူ့ကို အာဆင်နယ်မှာ လိုအပ်ပါတယ်""လေးလေးစားစားပြောရမယ်ဆိုရင် အခြားနေရာကိုပဲစဉ်းစားသင့်ပါတယ်။ တိုမီက ရောင်းဖို့မဟုတ်ပါဘူး" "အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားတစ်ခုကလွဲပြီး ကျန်တာတွေမမြင်တော့မှာကြောက်တယ် "စသည်ဖြင့်ရေးသားခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဘိုလော့ဂ်နာမှ အာဆင်နယ်သို့ ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ တိုမီယာဆုဟာ အာတီတာရဲ့အသင်းအတွက် ၆၉ ပွဲအထိပါဝင်ကစားပေးထားပါတယ်။ ပြီးခဲ့တဲ့ရာသီက နောက်ခံလူဟာ ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကာလရှည်အနားယူခဲ့ရပါတယ်။ သို့သော် လက်ရှိအချိန်မှာတော့ ကစားသမားဟာ ထိပ်တန်းခြေစွမ်းကိုပြန်လည်ပြသနေပြီး ပြီးခဲ့တဲ့လက ရှက်ဖီးလ်ယူနိုက်တက်ကို ၅-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် ၎င်းရဲ့ပထမဆုံးသွင်းကို ရယူနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ်