ရှေ့သို့
Image

ပြင်းထန်ဒဏ်ရာ ရရှိပြီးနောက် သတင်းစကား တစ်ခုပေးပို့လာတဲ့ ဘာစီလိုနာကြယ်ပွင့် ဂါဗီ

3:29 PM, 21 November

ဂျော်ဂျီယာနဲ့ ရင်ဆိုင်ရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်မှာ စပိန်အတွက် ပါဝင်ကစားပေးရင်း ပြင်းထန်ဒူးဒဏ်ရာ တစ်ခုရရှိသွားတဲ့ ကွင်းလယ်ကြယ်ပွင့်ဂါဗီကြောင့် ဘာစီလိုနာအတွက် စိတ်ပျက်စရာသတင်းတစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ယမန်နေ့မှာတော့ ဂါဗီရဲ့ဒူးဒဏ်ရာကို နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာ ကစားသမားဟာ ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုတစ်ခု ခံယူရလိမ့်မယ်လို့ ဘာစီလိုနာအသင်းဘက်မှ တရားဝင်အတည်ပြုပေးခဲ့ပါတယ်။

ဒဏ်ရာရဲ့သဘောဘဘာဝနဲ့ ပြင်းထန်မှုအခြေအနေတွေအရ အသက်-၁၉ နှစ်အရွယ် ကစားသမားဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီစတင်ချိန် မတိုင်ခင်အထိ ဘောလုံးကွင်းဆီ ပြန်လာနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ အခုလို ဂါဗီဒဏ်ရာ ရရှိသွားမှုအပေါ် လက်ရှိအသင်းဖော်တွေနဲ့ အသင်းဖော်ဟောင်းတွေ၊ ကလပ်ဂန္တဝင်ကြီးတွေနဲ့ ပြိုင်ဘက်ကစားသမားတွေကပင် အမြန်ဆုံးပြန်လည် သက်သာလာစေဖို့ ဆန္ဒပြုထားတဲ့ ဆုတောင်းစကားတွေ ပေးပို့လာပါတယ်။

အသက်-၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကလည်း အခုလိုဆုတောင်းစကားတွေ ပေးပို့လာသူတိုင်းကို ကျေးဇူးတင်ပါတယ်လို့ လူမှုကွန်ရက်မှတဆင့် တုံ့ပြန်လာခဲ့ပါတယ်။

“ခင်ဗျားတို့ရဲ့ သတင်းစကားတွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်အတွက်ရော၊ ကလပ်အသင်းအတွက်ပါ ခက်ခဲတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ကျွန်တော် မကြာခင် ပြန်လာပါမယ်။ အားလုံးကို ချစ်ပါတယ်”လို့ ရေးသားထားမှုကို ဂါဗီက ဘာစီလိုနာအသင်းတံဆိပ်ကို နမ်းရှုံ့နေတဲ့ သူ့ရဲ့ဓါတ်ပုံနဲ့အတူ လူမှုကွန်ရက်မှာ ဖြန့်ဝေလာခဲ့ပါတယ်။

ဂါဗီက ဘာစီလိုနာအတွက် အခုဘောလုံးရာသီမှာ ပွဲပယ်ပြစ်ဒဏ်ခံယူရတဲ့ ပွဲစဉ်နှစ်ခုမှလွဲလို့ ကျန်ပွဲစဉ်အားလုံးကို ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်း အတွက်လည်း ပွဲဦးထွက်ပွဲစဉ်နောက်ပိုင်း ၂၇ ပွဲဆက်တိုက် ပါဝင်ကစားပေးခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဂါဗီ ယူရို၂၀၂၄ခြေစစ်ပွဲ