ရှေ့သို့
Image

ယူရို-၂၀၂၄ ပြိုင်ပွဲဆီ အီတလီနိုင်ငံကို ပို့ဆောင်ပေးနိုင်ခဲ့လို့ အားရကျေနပ်နေတဲ့ နည်းပြစပယ်လက်တီ

1:18 PM, 21 November

အီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီက ယူရို-၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် သူ့ရဲ့ကစားသမားတွေနဲ့ ပတ်သက်လို့ အားရကျေနပ်နေခဲ့ပါတယ်။ ယူကရိန်းအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ရလဒ်ပိုင်းက အီတလီ လက်ရွေးစင် အသင်းကို လာမယ့်နွေရာသီ၊ ဂျာမနီမြေမှာ ကျင်းပမယ့် ဥရောပဘောလုံးပွဲတော်ကြီးဆီ ပါဝင်လာဖို့ သေချာသွားစေခဲ့ပါတယ်။

စပယ်လက်တီက “မီဒီယာတွေရဲ့ ထိတ်လန့်မှုအကြောင်း ပြောဆိုသုံးသပ်မှုတွေကို ကျွန်တော် ကြားသိခဲ့ရပေမယ့် ကျွန်တော်အသင်းဆီ ရောက်ရှိလာချိန်ကတည်းကစပြီး ဒီပွဲစဉ်ဟာ အဓိကကျတယ်ဆိုတာ ခင်ဗျားတို့ ပြောနေခဲ့ကြပါတယ်။ အခြားပြိုင်ပွဲကြီးတွေနဲ့အတူ မကြာသေးခင်ကာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို တွေးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်းက ခြေစစ်ပွဲအောင်မြင်ဖို့ လုံးဝလိုအပ်နေဆဲဖြစ်ပြီး အခုလိုကြီးမားလှတဲ့ ဖိအားတွေအောက် ဘောလုံးကစားဖို့ဆိုတာ မလွယ်ကူပါဘူး အသင်းဆီ ရောက်လာချိန်မှာပဲ မှန်ကန်တဲ့ရွေးချယ်မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီအလုပ်ကို လက်ခံလိုက်ပြီးမှ အချို့အရာတွေကို သင်ယူခဲ့ရသလို အခုအချိန်မှာ နည်းနည်းတော့ ပိုသိလာခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်”

“ကျွန်တော်က ခြေစစ်ပွဲအောင်မြင်ရေးအတွက်ပဲ ဒီအသင်းဆီ ရောက်ရှိလာတာဖြစ်ပြီး ကျွန်တော်တို့ လွဲချော်ခဲ့တဲ့ အရာတွေအတွက် အကြောင်းပြချက်ရှာဖွေဖို့ ရောက်ရှိလာတာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ တကယ့်အလုပ်က စတင်ပါပြီ။ ကျွန်တော့်အတွက်လည်း အလုပ်အစစ်အမှန်ကို စတင်ဖို့ အခွင့်အလမ်းတစ်ခု ရှိလာခဲ့ပါပြီ။ ဒီရာထူးကို တာဝန်ယူလိုက်ချိန်မှာပဲ ခြေစစ်ပွဲအောင်မြင်ဖို့ မရှိမဖြစ်အရေးကြီးတယ်ဆိုတာ ကျွန်တော်သိထားခဲ့ပါတယ်။ ကလပ်အသင်းတစ်ခုမှာလိုပဲ တက်နိုင်သမျှ အနီးကပ်ဆုံး ရှိသွားချင်ပါတယ်။ ကစားသမားတွေနဲ့ အဆက်အသွယ် မပြတ်သွားချင်လို့ ကျွန်တော်ကိုယ်တိုင် မတ်လအထိ စောင့်မနေတော့ဘဲ လေ့ကျင့်ရေးစင်တာတွေဆီ သွားမယ်၊ ကစားသမားတွေနဲ့ ညစာစားပြီး သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို တောင်းခံသွားပါမယ်။ အခုလက်ရွေးစင်အသင်းမှာ ကစားသမားကောင်းတွေ ရှိပါတယ်။ လိုအပ်နေတဲ့ ရလဒ်အတွက် ဖိအားတွေ မဖြစ်စေဘဲ သူတို့အကြောင်းသိရဖို့ ကျွန်တော်လုပ်သွားချင်ပါတယ်”

“ကစားသမားတွေကလည်း ကျွန်တော်တို့ဆီ ပြောပြရမယ့်အရာတွေ ရှိပါတယ်။ အခုအချိန်မှစပြီး ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒရုန်းတစ်စင်းပျံဝဲနေတာမျိုး ရှိနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အသင်းအတွင်း ဆွေးနွေးမှုတွေမှာ ဗီဒီယိုမှတ်တမ်းတွေ လိုအပ်နေလို့ ဖြစ်ပါတယ်။ အရေးပါတဲ့ဘောလုံးလောကဆီ ပြန်သွားနိုင်ဖို့ အခုပွဲစဉ်ရလဒ်မျိုး လိုအပ်နေပါတယ်။ ယူရိုပြိုင်ပွဲမှာ မပါဝင်နိုင်ဘဲနဲ့ တိုးတက်မှုဖြစ်စဉ်တစ်ခုဆီ အမှန်တကယ် ရောက်ရှိဖို့ဆိုတာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ကစားသမားအတော်များများမှာ ဥရောပအဆင့် အတွေ့အကြုံအများကြီးမရှိသေးလို့ အခက်ခဲဆုံးချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေ ဖန်တီးပေးဖို့ ကျွန်တော် တောင်းဆိုသွားရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုအတွေ့အကြုံကောင်းတွေ ဘယ်အချိန်မှာ ရနိုင်မှာလဲ?”လို့ ပြောပါတယ်။

#အီတလီ #စပယ်လက်တီ ယူရို၂၀၂၄ခြေစစ်ပွဲ