ရှေ့သို့
Image

မန်စီးတီးထံမှ လစာစရိတ် ပေါင်သန်းပေါင်းများစွာ တောင်းဆိုလိုက်တဲ့ မန်ဒီ

9:07 AM, 21 November

ဘင်ဂျမင်မန်ဒီဟာ အသင်းဟောင်းမန်ချက်စတာစီးတီးထံမှ ရရန်ရှိနေတဲ့ လုပ်ခလစာများနဲ့ ပတ်သက်ပြီး ပေါင်သန်းပေါင်းများစွာ တရားဝင်တောင်းဆိုခဲ့တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။

နောက်ခံလူဟာ ၂၀၂၁ ခုနှစ်မှာ အဓမ္မကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတို့နဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် မန်စီးတီးရဲ့ ခွင့်ပြုချက်မရှိလစာနုတ်ယူခြင်းကိုခံခဲ့ရပြီး ယခုအခါမှာတော့ အဆိုပါလုပ်ခလစာတွေကို အလုပ်အကိုင်ခုံရုံးမှတစ်ဆင့် စွဲချက်တင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုမပြုလုပ်ခဲ့ကြောင်း အစဉ်တစိုက်ငြင်းဆိုခဲ့တဲ့ မန်ဒီဟာ ဇူလိုင်လမှာတော့ ပြစ်မှုကင်းရှင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ မန်ဒီဟာ ဇန်နဝါရီလမှာကတည်းက မုဒိန်းမှု ၆ ကြိမ်၊ အမျိုးသမီးငယ် ၄ ဦး သို့မဟုတ် ဆယ်ကျော်သက်များနဲ့ ပတ်သက်တဲ့ လိင်ပိုင်ဆိုင်ရာစော်ကားမှုကိုကျူးလွန်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။

ယခုအခါမှာတော့ မန်ဒီဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ ကုန်ဆုံးခဲ့တဲ့ ၎င်းရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ရသင့်ရထိုက်တဲ့လုပ်ခလစာတွေကို မန်စီးတီးထံမှ တောင်းဆိုထားတာဖြစ်ပါတယ်။

Sky Sports က“နစ်ခ်ဒီမာကိုဟာ မန်စီးတီးရဲ့ ၎င်းတို့ရဲ့ကစားသမားဟောင်း မန်ဒီအပေါ် လုပ်ခလစာမှ ခွင့်ပြုချက်မရှိဘဲ နုတ်ယူမှုအတွက် ပေါင်သန်းပေါင်းများစွာတောင်းဆိုမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နေပါတယ်။ ပြစ်မှုအမျိုးမျိုးမှ တရားသေလွတ်မြောက်ခဲ့တဲ့ မန်ဒီကို မန်စီးတီးအသင်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၃ ခုနှစ် ဇွန်လအထိ လုပ်ခလစာပေးဆောင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ ယခုအခါ အဆိုပါတင်သွင်းချက်ကို အလုပ်အကိုင်ခုံရုံးမှတစ်ဆင့် ကြေညာထားပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး Sky Sports က မန်စီးတီးဟာ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးလိုခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ SPORTbible ကလည်း အဆိုပါအရေးဆိုမှုများနဲ့ ပတ်သက်ပြီး မန်စီးတီးကို ဆက်သွယ်မေးမြန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ဒီဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုမှ မန်စီးတီးကို ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်အထိ ရရှိခဲ့ပြီး ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

သို့သော်လည်း ပြင်သစ်သားဟာ ပရီးမီးယားလိဂ်မှာ ၂၀၂၁ ဩဂုတ်လအထိသာ နောက်ဆုံး ကစားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ မန်ဒီဟာ ပြင်သစ်လီဂူးကလပ် လိုရီယန့်သို့ ပြောင်းရွှေ့ကစားနေပြီး ယခုနှစ်ရာသီ လိဂ်ပွဲ ၃ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားပါတယ်။

#မန်စီးတီး #မန်ဒီ #ပရီးမီးယားလိဂ်